CNI International News
တိုကျို၊ မတ်လ ၆
မတ်လ ၅ ရက်က ဘေဂျင်းမြို့တော်တွင် စတင်ကျင်းပသည့် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) သို့ တင်ပြထားသော အစီအစဉ်အရ တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ယခင်နှစ်ထက် ၇ ရာခိုင်နှုန်း တိုးမြှင့်ရန် သတ်မှတ်ထားကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ အရှိန်မြင့်လာခြင်း၊ ထိုင်ဝမ်အရေး တင်းမာမှုများရှိနေခြင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ ပထဝီနိုင်ငံရေးအရ ပဋိပက္ခများ ကျယ်ပြန့်လာနေချိန်မှာ တရုတ်က စစ်အသုံးစရိတ် တိုးမြှင့်ရန် အဆိုပြု ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
တရားဝင် အချက်အလက်များအရ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း ကာကွယ်ရေး အသုံးစရိတ်ကို နှစ်စဉ် ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ရန် ဘတ်ဂျက်လျာထားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ၇ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းစီ အသီးသီး တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့သည့် တရုတ်အစိုးရ၏ လုပ်ငန်းအစီရင်ခံစာအရ တရုတ်သည် ခေတ်မီ ဆန်းသစ် သော တိုက်ခိုက်ရေး စွမ်းရည်များကို အရှိန်အဟုန်မြှင့် တည်ဆောက်သွားမည်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို အရည်အသွေး မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။

တရုတ်လုံခြုံရေးအဖွဲ့ကိုတွေ့ရစဉ်
ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောဖြစ်သော ဖူကျန့် (Fujian) လေယာဉ်တင်သင်္ဘောကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ တပ်တော်ဝင် အသုံးပြုခဲ့ကြောင်း အလေးထားဖော်ပြခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားတွင် တာဝေးပစ် ဒုံးကျည် များ အပါအဝင် တရုတ်၏ နောက်ဆုံးပေါ် လက်နက်စနစ်အချို့ကို ထုတ်ဖော်ပြသခဲ့သည်။
တရုတ်အစိုးရသည် ထိုင်ဝမ်လွတ်လပ်ရေးကို ဦးတည်သည့် ခွဲထွက်ရေး အင်အားစုများကို ပြတ်ပြတ်သားသား တိုက်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် ပြင်ပမှ ကြားဝင်စွက်ဖက်မှုများကိုလည်း ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၈ ရက်ကြာ ကျင်းပမည့် နှစ်ပတ်လည် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ကို မတ်လ ၅ ရက် တွင် စတင်ခဲ့ပြီး ထိုအစည်းအဝေးအတွင်း တစ်နှစ်တာအတွက် ဘတ်ဂျက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် များကို အတည်ပြုမည်ဖြစ်သည်။
Source: Nikkei Asia
