CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၆

မကြာမီ ကျင်းပတော့မည့် လွှတ်တော်ဝင်း လုံခြုံရေးနှင့် လွှတ်တော်အဆောက်အဦ ပြင်ဆင်သည့် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်က လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိလာချိန်တွင် သတ်မှတ်နေရာများသို့ အသွား/အပြန် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ရုံး၊ဌာန အဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထားရှိ ရန်၊ တည်းခိုနေထိုင်မည့် အဆောင်များ ရေ၊ မီး၊ မိလ္လာ၊ အခန်းတွင်း ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ရက် အမီ အဆင်သင့် ပြင်ဆင်ထားရှိရန်နှင့် လွှတ်တော်များအလိုက် လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာ လွှတ်တော်ရုံးများက ရှင်းလင်း တင်ပြနိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။

၎င်းက “ လွှတ်တော်ဝင်း လုံခြုံရေးနှင့် စပ်လျဉ်း၍ လုံခြုံရေးအရ ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်များကို လည်း ပြီးပြတ်အောင် ဆောင်ရွက်သွားရန်၊ တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန် အစည်းအဝေး တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ရုံး အသီးသီးနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက ပူးပေါင်း ဆောင်ရွက်ပေးရန်၊ လွှတ်တော် အဆောက်အဦ ပြင်ဆင်သည့် လုပ်ငန်းများကိုလည်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ကြရန် လိုအပ်သည်”ဟု ပြောသည်။

ထို့နောက် လွှတ်တော် အစည်းအဝေးများတွင် သတင်းမီဒီယာများ သတင်းရယူနိုင်ရေးနှင့် သတ်မှတ် စည်းမျဉ်း စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင် စီ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ရန်၊ Media Corner များ စနစ်တကျ ထားရှိရန် ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။

လွှတ်တော် ပြင်ဆင်မှုကို ဝန်ကြီးချုပ် ဦးညိုစော သွားကြည့်နေစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကို မတ်လ ၁၆ ရက်တွင် လည်းကောင်း၊ အမျိုးသားလွှတ်တော်ကို မတ်လ ၁၈ ရက် တွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်အသီးသီးကို မတ်လ ၂၀ ရက်တွင်လည်းကောင်း ကျင်းပမည်ဟု ထုတ်ပြန်ထားသည်။

တခြား တစ်ဖက်မှာတော့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးနှင့်စစ်ကိုင်းမြို့အခြေပြု၍ ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် ပျက်စီးခဲ့သည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ပျက်စီးနေသော လွှတ်‌တော် အဆောက်အဦများကို ပြင်ဆင်လျက်ရှိနေသည်။

ထို့ပြင် NUG၊ PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်တချို့က လွှတ်တော်ကိုယ်စားလှယ်များကို လုံခြုံရေးအရ ခြိမ်းခြောက်မှုများ ရှိနေသည်။