CNI News

၂၀၂၆ ခုနှစ်၊ မတ် ၆

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ်ဖွဲ့(သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဆိုသည့် နည်းလမ်းအစား အမျိုးသားအစောင့်တပ်ဖွဲ့(သို့မဟုတ်) ပြည်နယ်အစောင့် တပ်ဖွဲ့ ပုံစံမျိုးဖြင့် ဆွဲဆောင်စည်းရုံး၍ ငြိမ်းချမ်းရေးကို တည်ဆောက်သင့်လားဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံ ရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့စဉ်က အစိုးရဖက်မှ တစ်ခုတည်းသော တပ်မတော်ဖြစ်ချင်သည်ဟု ရပ်တည်ခဲ့ကာ EAOs များဘက်မှလည်း သက်ဆိုင်ရာ ပြည်နယ်အလိုက် ပြည်နယ်အစောင့်တပ်ဖွဲ့ ဖြစ်ရ မည်ဟု ရပ်တည်ခဲ့ကြကြောင်း ငြိမ်းချမ်းရေးတွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာန သို့ ပြောသည်။

ထိုသို့ သီးသန့် ပြည်နယ်အစောင့်တပ်များမှတဆင့် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်အဖြစ် ကူးပြောင်းရေးကို တဆင့်ပြီး တဆင့် ဆွေးနွေးချမှတ် လုပ်ဆောင်ရန် သဘောတူထားခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများ မဖြစ်ပေါ်ခဲ့ပါက ထိုကိစ္စသည် အရွေ့တစ်ခုကို ရောက်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ဦးခွန်းဆိုင်က “အခုကတော့ ဒီအာဏာသိမ်းမှု၊ အာဏာထိန်းမှု ဖြစ်လာတဲ့ အခါကြတော့ တစ်ခုတည်း သော တပ်မတော် ဖြစ်ရမယ်လို့ အရင်ကပြောခဲ့တဲ့ဟာတွေကို အခုကြတော့ ပိုပြီးတော့ လက်မခံနိုင်ဘူး ဆိုတဲ့ အခြေအနေ ဖြစ်လာတာပေါ့။ ပိုပြီးတော့မှ အချိန်ယူရမယ်၊ ပိုပြီးတော့ စည်းကမ်း ကန့်သတ်ချက် တွေ ရှိရမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာတာပေါ့။ သို့သော်လည်းပဲ ဒီဥစ္စာတွေဟာ မကျော်လွှားနိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူး။ ကျော်လွှားနိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ အခုလောလောဆယ်မှာ ကိုယ့်ပြည်နယ် စောင့်တပ်နဲ့ ကိုယ်ထားပါ။ ဆွစ်ဇာလန်လည်း ဒီလိုပဲ လုပ်ခဲ့တာပဲ။ ဆွစ်ဇာလန်ဆို နှစ်ပေါင်းရာနဲ့ချီပြီး တော့ သူ့ပြည်နယ်တပ်နဲ့သူ လုပ်ခဲ့တာ။ ဒါပေမယ့် အားလုံးနဲ့ ဆိုင်တဲ့ကိစ္စဆိုရင်တော့ ပေါင်းပြီးတော့မှ လုပ်ကြတယ်၊ တိုက်ကြတယ်။ အားလုံးနဲ့မဆိုင်ရင် ကိုယ့်ပြည်နယ်တပ်နဲ့ကိုယ်ပဲ လုပ်ခဲ့ကြတာ။ သို့သော် နောက်ဆုံးကြတော့ သူတို့လည်း ပြည်ထောင်စုတပ်မတော် ဖြစ်သွားတာပဲ။ ကျနော်တို့က ဆွစ်ဇာလန် လိုမျိုး အချိန် နှစ်ပေါင်း ရာနဲ့ချီစောင့်စရာ မလိုပါဘူး။ ဆယ်စုနှစ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လေးလေးနက်နက် ဆွေးနွေးဖို့ လိုတယ်။ တကယ်တမ်း ကျနော်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ လုပ်မယ် ဆိုရင် ကိုယ့်တစ်ပြည်နယ်တည်း လုပ်လို့မရဘူး။ ကိုယ့်လူမျိုး တစ်စုတည်းပဲ လုပ်လို့မရဘူး ဆိုတာ အားလုံးက သဘောပေါက်နားလည်ဖို့ လိုတယ်။ ငါတို့အားလုံးပေါင်းလုပ်မှ ရတယ်ဆိုတာကို သူတို့ လက်ခံကြတယ်ဆိုရင် ဒါဟာ မဖြစ်နိုင်စရာ အကြောင်းမရှိဘူးပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်၌ ရှိရမည်ဟု ပြဋ္ဌာန်းထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးလျှင် လက်နက် ဆက်ကိုင်ချင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တပ်မတော်နဲ့အတူ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များတွင် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၂ ရက် နေပြည်တော်မှာ ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ ဖူးသည်။

တိုင်းရင်းသား အခွင့်အရေး၊ ဒေသအခွင့်အရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်မှာ ဆွေးနွေးကြရမှာ ဖြစ်သကဲ့သို့ စီးပွားရေးလုပ်လိုသည့် EAOs များကိုလည်း ဥပဒေနှင့်အညီ ခွင့်ပြုပေးမည်ဟု ၎င်းက ပြော ကြားခဲ့ဖူးသည်။

သို့သော် ယခုနောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်၊ ပါတီနိုင်ငံရေးလမ်းကြောင်း သို့မဟုတ် ရွေးကောက်ပွဲလမ်းကြောင်းထဲ ဝင်လာရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်လျက်ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံကျင်းပနေစဉ်

EAOs များအနေဖြင့် ၎င်းတို့ကိုယ်တိုင် သက်ဆိုင်ရာ ပြည်နယ်တပ်များအဖြစ် သုံးနှုန်းခေါ်ဝေါ်ထားသည့် အနေအထား၌ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အမည်မျိုးကို ကျေနပ်မှု၊ ကြိုက်နှစ်သက်မှုရှိသလား မေးခွန်း ထုတ်ရမှာဖြစ်ပြီး လက်ရှိ အနေအထားအရ ထိုပုံစံမျိုး မလုပ်ခြင်းက ကောင်းကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါပေမယ့် ပြဿနာက အရင် ၂၀၂၁ မတိုင်ခင်ကနဲ့ စာရင် ပြဿနာတစ်ခု အခုရှိလာတာက တချို့ တိုင်းရင်းသားတွေက ဥပမာ ကိုးကန့်တို့၊ TNLA တို့က အခြေခံဥပဒေမှာ သူတို့အတွက် သတ်မှတ် ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေထက် ကျော်လွန်ပြီးတော့ နယ်မြေတွေ သိမ်းပိုက်ထားတာ။ အဲဒီ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကလည်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ဖြစ်နေ တယ်။ အဲဒီက ပြဿနာက အဓိက ဖြေရှင်းရမယ့် ပြဿနာ။ ဆိုတော့ အဲဒါမျိုး ကျနော်တို့က အခြေခံ ဥပဒေအတိုင်း ဖယ်ပေးဘာညာဆိုပြီးတော့ ဇွတ်အတင်းပြောရင် အခုအချိန်မှာ ကိုယ်က ပြောနိုင်တဲ့အား မရှိဘူးလေ။ ကိုယ်ကမှ အဲဒီဒေသတွေကိုပြန်မှ မသိမ်းနိုင်တာ။ သူတို့ကလည်း အဲဒီဒေသတွေမှာ သူတို့ ပြည်သူတွေ ရှိတယ်၊ သူတို့ လူမျိုးတွေရှိတော့ အများစု ဟုတ်ချင်မှလည်း ဟုတ်မယ်။ သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ ထည့်ချင်တယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့က ဒီမိုကရေစီနည်းကျ ဒါကို လွတ် လပ်တဲ့ Referendum ဆန္ဒခံယူပွဲနဲ့ပဲ ဆုံးဖြတ်ကြရအောင်ဆိုတဲ့ ဟာမျိုးပေါ့။ ဒီကြားကာလမှာတော့ ဇွတ် အတင်းအဓမ္မ နေရာ ရွှေ့ပြောင်းခိုင်းတာတွေ မလုပ်ဖို့ဆိုပြီးတော့ ဒါမျိုး ဆုံးဖြတ်ချက်မျိုးကိုတော့ တရုတ် ရဲ့ ပါဝင်မှုနဲ့ တရုတ်က ဒိုင်လူကြီး သဘောမျိုး ပါဝင်မှုနဲ့ ဒီမိုကရေစီကျတဲ့ မျှတတဲ့ ဆုံးဖြတ်ချက်တစ်ခုခုနဲ့ လုပ်ဖို့သင့်တယ်။ အဲဒီလိုမျိုး ပြည်သူလူထုရဲ့ Referendum နဲ့ ဆုံးဖြတ်မယ်ဆိုတဲ့ဟာက ကျန်တဲ့ SSA တို့၊ SSPP တို့ အဲဒီလို အဖွဲ့တွေကလည်း လက်ခံနိုင်တယ်” ဟု ပြောသည်။

အမျိုးသားအစောင့်တပ်ကို အမေရိကန်နိုင်ငံတွင် ကျင့်သုံးကာ ပုံမှန်စစ်တပ်ကဲ့သို့ မဟုတ်ဘဲ ပြည်ထောင် စု အဆင့်သာမက ပြည်နယ်အဆင့်ပါ တာဝန်ထမ်းဆောင်ရသည့် စနစ်ဖြစ်ပြီး ပြည်နယ်အဆင့်ကို ပြည်နယ် တစ်ခုချင်းစီ၏ အုပ်ချုပ်ရေးမှူးက ကွပ်ကဲသည်။

ပြည်ထောင်စုအဆင့်တွင် သမ္မတကလိုအပ်လျှင် တပ်ဖွဲ့များကို ပြည်ထောင်စုအမိန့်ဖြင့် ခေါ်ယူပြီး နိုင်ငံတကာ စစ်ပွဲများအထိ စေလွှတ်နိုင်သည်။