CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၆

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖြေရှင်းရာ၌ ယခင်အတိုင်း သွားနေ၍ မရ၍ စဉ်းစားပုံအသစ်များဖြင့် ချဉ်းကပ်ရန် လိုအပ်လာသည်ဟု ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် မတ်လမှာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာ ယနေ့အထိ မဖြေရှင်းနိုင်သေးပေ။

အလားတူ ဦးနေဝင်း အစိုးရလက်ထက်၊ ဦးသန်းရွှေ အစိုးရလက်ထက်၊ ဦးသိန်းစိန် အစိုးရလက်ထက်၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစိုးရလက်ထက် ထိ ခေတ်အဆက်ဆက် လက်နက်ကိုင်အင်အားစုများဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့‌သော်လည်း မအောင် မြင်သေးဘဲ ဖြစ်နေသည်။

တက်လာမည့် အစိုးရသစ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ကိစ္စရပ်များကို ဖြေရှင်းရာတွင် ချဥ်းကပ်ပုံ၊ စဥ်းစားပုံ အသစ်ဖြစ်ရန် လိုအပ်နေပြီဟု ပြည်သူ့ပါတီ(PP)မှ ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့ဟာတွေမှာ တိတိကျကျ ဆောင်ရွက်ရမယ့် ကိစ္စတွေရှိတယ်။ တချို့ဟာတွေမှာကတော့ ပျော့ပျောင်းတဲ့ သဘောကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှု လိုဟာမျိုးမှာကျတော့ ပျော့ပျောင်းတဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေလည်း လိုအပ်တယ်။ ဒါကြောင့် အကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရမယ့် ကိစ္စမှာ အလုံးစုံ တင်းကြပ်ရမယ်။ အလုံးစုံ ပျော့ပျောင်းရမယ်လို့ပြောလို့မရဘူး။ အကြောင်းအရာနဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကိုင်တွယ်ဆုံးဖြတ်ရတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ကျနော်တို့က အလုံးစုံ ပြန်သုံးသပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းစစ်သည် လက်နက်ကိုင်ပဋိပက္ခဆိုတာက နှစ်ပေါင်း ၈၀ နီးပါး ဖြစ်လာပြီ။ ပြဿနာက အသစ်မဟုတ်ဘူး။ သို့သော် စဉ်းစားပုံအဟောင်းနဲ့ ဖြေရှင်းလို့ မရတာတော့ သေချာတယ်။ အဲဒီတော့ ကျနော်တို့က စဉ်းစားပုံ ချဉ်းကပ်ပုံအသစ်တွေ ပေါ်ပေါက်လာဖို့ ဖန်တီးဖို့ လိုတယ်လို့မြင်တယ်။ အစိုးရအဆက်ဆက်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်လာခဲ့တာပဲ။ သို့သော် ဒီလက်နက်ကိုင်‌ ပဋိပက္ခကလည်း လွတ်လပ်ရေးနဲ့ ကာလနဲ့ အတူဖြစ်လာတာဆိုတော့ ပြဿနာက အသစ်မဟုတ်ဘူး စဉ်းစားပုံကတော့ အသစ်ဖြစ်ဖို့လိုပြီလို့‌ မြင်တယ်” ဟု ပြောသည်။

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

‌မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

ထို့နောက် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နှင့် ၁၈ ရက်များတွင် ခေါ်ယူကျင်းပမည်ဖြစ်ပြီး ဧပြီလမှာ အစိုးရသစ်ကို ဖွဲ့စည်း မည်ဖြစ်သည်။
ထို့ကြောင့် အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုများ ပြုလုပ်ရန် ရှိကြောင်း သိရသည်။

အစိုးရသစ်အနေဖြင့် အာဏာခွဲဝေမှုနှင့် သယံဇာတ စီမံခန့်ခွဲမှုများကို လက်တွေ့ကျကျ ညှိနှိုင်း ဆွေးနွေး ရန်လိုအပ်ကြောင်း၊ ဖက်ဒရယ်ကို မူအားဖြင့် လက်ခံပြီဖြစ်သော်လည်း အသေးစိတ် ကိစ္စရပ်များကို လက်တွေ့ကျကျ ဆွေးနွေးညှိနှိုင်းရန် လိုအပ်သေးသည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြော သည်။ 

၎င်းက “စဉ်းစားပုံအသစ်ဆိုတာက အရင်တုန်းကဆိုရင် ဖက်ဒရယ်လို့ပြောရင် ဒါရာဇဝတ်မှုပဲ။ ဆိုလိုတာ က ဖက်ဒရယ်ကို အကြောင်းပြုပြီးတော့ပဲ ပြည်ထောင်စုကြီး ပြိုကွဲတော့မယ်ဆိုပြီးတော့ အာဏာသိမ်း တဲ့ အခြေအနေထိ ရောက်လာတာ။ အခုကတော့ ဖက်ဒရယ်ကို မူအားဖြင့်တော့ လက်ခံပြီးသွားပြီ။ ဘယ်လိုပုံစံမျိုး ဖက်ဒရယ် ဘယ်လိုမျိုး အာဏာခွဲဝေကျင့်သုံးမယ် ဘယ်လိုမျိုး သယံဇာတ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ်ကိစ္စတွေကို ဆွေးနွေးကြရမယ်။ အခုဟာက ဖက်ဒရယ်ကို မူအားဖြင့် တော့ လက်ခံပြီ။ သို့သော် အသေးစိတ်တွေကိုတော့ လက်တွေ့ကျကျ ဆွေးနွေးညှိနှိုင်းဖို့ လိုမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
‌ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အရပ်သား အစိုးရသစ် တစ်ရပ်အနေဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် အမျိုးသားညီညွတ်ရေးကို မရရအောင် တည်ဆောက်သင့်ကြောင်း၊ ညှိနှိုင်း ဆောင် ရွက်မှု အသွင်သဏ္ဍာန် ပြောင်းလဲရန် လိုအပ်သည်ဟုလည်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများက ထောက်ပြနေကြသည်။ 

အစိုးရသစ်တစ်ရပ်သည် ငြိမ်းချမ်းရေးဖြစ်စဥ်များနှင့် ပတ်သက်၍ သင်ခန်းစာ များစွာယူသင့်ကြောင်း၊ အနာဂတ်သို့ ‌ရှေးရူ၍ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်အောင် အလျှော့အတင်းများဖြင့်သာ သွားရမှာ ဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(ANP)မှဥက္ကဋ္ဌ ‌ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

 ငြိမ်းချမ်းရေး ဆွေးနွေးနေကြစဉ်

၎င်းက “အစိုးရဖက်က ခြေလှမ်းကိုကြည့်ရမှာ‌‌ပေါ့။ ပြောလို့ခက်ပါတယ်။ အခုတက်လာမယ့် အစိုးရက လည်းပဲ အတွေ့အကြုံ ရင့်ကျက်တဲ့အစိုးရဖြစ်ဖို့ များပါတယ်။ ငြိမ်းချမ်းရေးကိုလည်း ဖြတ်သန်းဖူးတဲ့ အနေအထား ဖြစ်နေပြီလေ။ အဲဒီတော့ တစ်ခုတော့ရှိတာပေါ့။ သင်ခန်းစာ ယူရမှာပေါ့။ ကျနော်တို့ ပထမ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ သမိုင်းသင်ခန်းစာကို ယူဖို့လိုမယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်များနဲ့ ပတ်သက် တဲ့ သင်ခန်းစာကို ယူဖို့လိုမယ်။ နိုင်ငံရေးဆိုတဲ့ ကဏ္ဍတိုင်းမှာ ပျော့ပျော့ပျောင်းပျောင်းတွေ ပါတယ်ဗျ။ ပျော့ပျောင်းသင့်တာကို ပျော့ပျောင်းရတယ်။ ရေရှည် ရေတို ရေလတ် စသဖြင့်သွားသင့်တာ သွားရတာ ပေါ့။ အဖြေတစ်ခုကို ထုတ်တဲ့အခါမှာ ပြတ်သားတာလဲ ရှိရမယ်။ ပျော့ပျောင်းတာလည်းရှိရမယ်။ ညင် သာတာလဲရှိရမှာပေါ့။ ရေရှည်မျှော်‌မှန်းပြီးတော့ အမျိုးသားပြန်လည်ရင်ကြားစေ့‌နိုင်အောင် အလျှော့ အတင်း လေးတွေနဲ့ သွားရမှာပေါ့။ ဒါမှပဲ ရေရှည်ရောက်နိုင်မယ်ထင်တယ်။ ပြောတာပေါ့ နှစ်ဖက်လုံး နိုင် စေချင်ရင်တော့ဖြင့် ညှိနှိုင်းပြီးတော့ နိုင်ငံရေး အဖြေထုတ်တာဟာ နှစ်ဖက်လုံးကို နိုင်စေတာပေါ့။ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းက ဖြတ်သန်းပြီးပြီလေ။ အဲဒီလိုဖြစ်နိုင်အောင် ပူးပေါင်းနိုင်အောင် ပြန်လည် ရင်ကြားစေ့မှု တစ်ခုကို နိုင်ငံရေးနည်းလမ်း‌အား‌ဖြင့် ငြိမ်းချမ်းရေး နည်းလမ်း‌အားဖြင့် တည်ဆောက်နိုင် ရမှာပေါ့။ အဲဒီလို တည်ဆောက်ဖို့အတွက် ပျော့ပျောင်းတာ ပြတ်သားတာ ‌အပေးအယူ စသဖြင့်ပေါ့ဗျာ လိုအပ်တာပေါ့” ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်း၌ ပိုမိုကြီးမာကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်းများလည်း လွန်စွာပေါများလာခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် အစိုးရသည် နယ်မြေ လက်လွတ် ဆုံးရှုံးမှုများရှိနေသလို တိုင်းရင်းသား လက်နက်ကိုင်များကလည်း နယ်မြေထိန်းချုပ်နိုင်ရေးကို အဓိကထား ကြိုးပမ်းလာနေသည်။

အဆိုပါ အခြေအနေများနှင့်အတူ လက်နက်ကိုင် အင်အားစုများသည် ဖက်ဒရယ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်းအဆင့်မှသည် လွတ်လပ်ရေးအထိ မျှော်မှန်း၍ တည်ဆောက်လာမှုများရှိနေသည်။