CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ကတည်းကဖြစ်ပွားလာခဲ့‌သော လက်နက်ကိုင်ပဋိပက္ခများနှင့်အတူ တိုင်းရင်းသားများ၏ မျှော်လင့်ချက်များ အကောင်အထည် မပေါ်သေးကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ တိုင်းရင်း သား တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေး စသည့် အချက်များအား တောင်းဆို၍ လက်နက်ကိုင်တော်လှန်လျက် ရှိသည်။

လက်နက်ကိုင်နည်းလမ်းနှင့် ဆက်သွားလည်း လက်နက်မဲ့ ပြည်သူများ ဒုက္ခရောက်ပြီး လက်နက်ကိုင်တပ်ဖွဲ့များ သေကြေ ပျက်စီးခြင်းကလွဲ၍ နိုင်ငံရေးရလဒ် မတွေ့ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များနဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်

၎င်းက “အခုတိုင်းကတော့ ကျနော်တို့ ပြောရင် ဟိုလွတ်လပ်ရေးနဲ့အတူ လက်နက်ကိုင်ပဋိပက္ခ ပေါက်ဖွားလာတာ အခုချိန်အထိ ဘယ်သူကမှ ဥပမာ တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားတွေရဲ့  သူတို့မျှော်လင့်တဲ့ မျှော်လင့်ချက် တွေ အကောင်အထည် မပေါ်ပါဘူး။ တကယ့် တကယ်ကျတော့ အဲ့တော့ ပဋိပက္ခကြောင့်မို့လို့ ဒီလက်နက်နဲ့ ပြည်သူတွေကို သေကြ၊ ကြေကြ၊ ပြေးရ၊ ရှောင်ရ၊ ပုန်းရဆိုတဲ့ အဖြစ်တွေက ဒါကျနော်တို့ နှစ် ၈၀ နီးပါးကြုံခဲ့ပြီးပြီ။ အဲ့တော့ လက်နက်ကိုင် နည်းလမ်းနဲ့ ဆက်သွားလည်းပဲ ခုနကလို လက်နက်မဲ့ ပြည်သူတွေပဲ ဒုက္ခရောက်တယ်။ တစ်ဖက်က လက်နက်ကိုင်တပ်ဖွဲ့တွေ သေကြေ ပျက်စီးတယ်ဆိုတာက လွဲပြီးတော့ နိုင်ငံရေးရလဒ် ကျနော်တော့ မတွေ့ပါဘူး”ဟု ပြောသည်။

မိမိတို့ တိုင်းရင်းသားများသည် ဖက်ဒရယ်လိုလားသူများဖြစ်ပြီး ဖက်ဒရယ်သည် ပြည်ထောင်စုမှ ခွဲထွက်လိုသော သဘော မဟုတ်ကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များသည် ရှိကိုရှိရမည့် အရာများဖြစ်သည့် အတွက် ဝန်ကြီးချုပ် ခန့်အပ်ရေးနှင့် ပတ်သက်သည့် ပုဒ်မ ၂၆၁ မှာ မဖြစ်မနေ ပြင်ဆင်ရမည့် ပုဒ်မဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် လက်နက်ကိုင် အင်အားစုများ၏ အခန်းကဏ္ဍတစ်ခုတည်း မဟုတ်ဘဲ အိမ်နီး ချင်းနိုင်ငံများ၏ အခန်းကဏ္ဍများလည်း ပါဝင်လာကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင်များနဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်

၎င်းက “ဟိုတစ်ခုကတော့ အခု ကျနော်တို့ လက်နက်ကိုင်ပဋိပက္ခက ပြည်တွင်း အဓိက,ကတော့ အင်အားစုတွေ အားလုံး နားလည်မှုရအောင် သဘောတူညီမှုရအောင် ကြိုးစားရမှာပေါ့။ သို့သော် တစ်ချိန်ထဲမှာ လက်နက်ကိုင် ပဋိပက္ခနဲ့ ဆက်စပ်တဲ့ စီးပွားရေးကိစ္စတွေ အကျိုးစီးပွားတွေကလည်း ပါလာပြီ။ အဲ့တော့ ပါလာတော့ ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေရဲ့  အခန်းကဏ္ဍလည်း ပါလာတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ လက်နက်ကိုင် အင်အားစုတွေချည်းပဲ မဟုတ်ဘဲနဲ့ ဆက်စပ်နေတဲ့ ဒီအိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍရော ဥပမာ အာဆီယံ အပါအဝင်ပေါ့၊ ဒေသတွင်း နိုင်ငံတွေရဲ့ အခန်းကဏ္ဍပါ ပူးပေါင်းပါဝင်လာအောင်၊ ကျယ်ပြန့်တဲ့ ဆွေးနွေး ပွဲတွေ ဖြစ်အောင်တော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိနေသည့်တိုင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပြောင်းလဲသွားသော နိုင်ငံရေး အခင်းအကျင်းနှင့်အတူ နောက်ထပ် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်းများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တောင်းဆိုမှုများ၊ ရပ်တည်ချက်များ မတူညီကြ ပေ။