CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ယခင်ငြိမ်းချမ်းရေး ဆွေးနွေးတုန်းက အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၊ အနားယူသွားသော ပုဂ္ဂိုလ်များကို ပြန်စုစည်းရန်လိုကြောင်း စစ်ရေးနှင့်နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လိုလိုလားလား တုန့်ပြန်ခဲ့ကြသည်။ 

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၅)ဖွဲ့နှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး သဘောတူညီချက် (၃၉)ခုကို အဆင့်ဆင့် ချုပ်ဆိုနိုင်ခဲ့သည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)တို့သည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစတင်၍ နှစ်ဖက်လက်ခံနိုင်မည့် တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကို ရရှိရေး စတင်ဆွေးနွေးခဲ့ကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးရာတွင် စုံညီဆွေးနွေးမှုထက် အလွတ်သဘော ဆွေးနွေးမှုများ ဆက်တိုက် ကြိုးစားရန်လိုပြီး အ‌တွေ့အကြုံရှိ၊ အစဉ်အလာရှိသည့် ပုဂ္ဂိုလ်များကို စုစည်းရန်လိုကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

Peace Talk မှာ ဦးကိုကိုကြီးကို တွေ့ရစဉ်

၎င်းက “စစ်ဖြစ်နေတဲ့ ကာလမှာလည်းပဲ ဆက်သွယ်ရေးလမ်းကြောင်း‌တွေ ထိန်းသိမ်းထားလို့ရတယ်။ အဲတော့ ဆက်သွယ်ရေး လမ်းကြောင်းတွေကနေ တစ်ဆင့် တချို့ဆိုရင် Hotline တွေပေါ့၊ ချက်ချင်း ဆက်သွယ်လို့ရတဲ့ အခြေအနေမျိုးတွေ အဲဒါတွေကို အရင်ဆုံး ဒါ ဘက်အသီးသီး ကြားထဲမှာ ကောင်းမွန်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်ထူထောင်ဖို့လိုတယ်။ နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုတွေ စုံညီဆွေးနွေးမှု မတိုင်ခင်မှာ နှစ်ဦး နှစ်ဖက် ဆွေးနွေးမှု‌တွေ အလွတ်သဘော ဆွေးနွေးမှုတွေ အဲဒါတွေကတော့ ဆက်တိုက် ကြိုးစားနေဖို့လိုတယ်။ ယခင် ငြိမ်းချမ်းရေး အ‌တွေ့အကြုံရှိတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ပြန်ပြီးတော့ စုစည်းဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဘက်အသီးသီးမှာ အသက်အရွယ်တွေက ကြီးရင့်လာကြပြီ အဲတော့ နောက်ပိုင်း လူငယ် မျိုးဆက်သစ် ခေါင်းဆောင်တွေလည်း ဘက်အသီးသီးမှာ ပေါ်လာကြပြီ အဲဒီ ငြိမ်းချမ်းရေးလုပ်တဲ့ အခါကြရင် အခု လူငယ်မျိုးဆက်သစ် ခေါင်းဆောင်တွေက တိုက်ခိုက်နေတဲ့ကာလ ငြိမ်းချမ်းရေးဆွေးနွေးတုန်းက အတွေ့အကြုံ ရှိတဲ့ ပုဂ္ဂိုလ်တွေက အသက်အရွယ် ကြီးရင့်သွားတာတို့ အနားယူသွားတာတို့ရှိတော့ အဲ့ဒီ ပုဂ္ဂိုလ်တွေကိုလည်း ပြန်ပြီးတော့ စုစည်းဖို့ လိုမယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်သည့်အခါ အစိုးရအသစ် အပြောင်းအလဲဖြစ်တိုင်း လူ၊ မူ၊ အဖွဲ့အစည်းများပါ ပြောင်းလဲသွားကာ ယခင် အစိုးရအဆက်ဆက် တည်ဆောက်ခဲ့သော အခင်းအကျင်းများသည် ယုံကြည်မှုပျောက်၍ ထစ်ဆို့မှုများ ပေါ်ပေါက်လျက်ရှိနေသည်။

Peace Talk မှာ တပ်မတော်၏ ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

လက်ရှိမြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်အတွက် ရှောင်လွှဲလို့မရသည့် အခြေအနေဖြစ် ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိက,ကတော့ ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် ရှောင်လွှဲလို့ မရတဲ့ အခြေအနေပဲ ဒါကြောင့်မို့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့ လိုတဲ့ဟာ တွေ အိန္ဒိယနိုင်ငံနဲ့ ဆွေးနွေးမှုတွေမှာ ဆိုလို့ရှိရင် ဒီဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်ပေါ့၊ ဒီအာဏာခွဲဝေမှုဆိုင်ရာ စနစ်တွေ ဒါတွေလည်း ကျနော်တို့ တပ်မတော်ဘက်က အရာရှိတွေရော နိုင်ငံရေးပါတီဘက်က ခေါင်းဆောင်တွေ ရော၊ နောက် EAO တွေရော တချို့ဆွေးနွေးခဲ့တာတွေ အများကြီးရှိတယ်။ ဒါကတော့ အိန္ဒိယနမူနာကို  ပြောတာ ပေါ့။ အဲ့တော့ ကျန်တဲ့နိုင်ငံတွေရဲ့ နမူနာတွေ လေ့လာထားတာတွေ အများကြီးရှိတယ်။ အဲ့တော့ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီးတော့လည်း ငြိမ်းချမ်းရေး အောင်မြင်ခဲ့တဲ့ နိုင်ငံတွေမှာ သွားရောက် လေ့လာခဲ့တဲ့ အတွေ့ အကြုံ တွေလည်း ကျနော်တို့ အများကြီးရှိတယ်။ သို့သော် ကာလအလိုက် လက်တွေ့ကြတဲ့ ပြေလည်နိုင်မယ့် ဖြေရှင်းမှုမျိုးတွေ။ အဲဒါတွေကို ဦးစားပေးပြီးတော့ ကိုင်တွယ်သင့်တယ် ဖြေရှင်းသင့်တယ်လို့ မြင်ပါ တယ်”ဟု ပြောသည်။

ငြိမ်ချမ်းရေးဆောင်ရွက်ရာတွင် ပဋိပက္ခ၏ အခြေခံ အကြောင်းတရားများဖြစ်သည့် သမိုင်းနောက်ခံ အဖြစ်အ ပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ၊ နိုင်ငံရေး ခံယူချက်များကို ထည့်မစဉ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်မ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်။