CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅

ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)၊ ရခိုင်တပ်ဖွဲ့(AA)တို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြား ရပ်တည်လိုစိတ်ကို သာ ရှေ့တန်းတင်လာကြသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ သော သဝဏ်လွှာ၌ ၎င်းက ပြောကြားထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA ၊ TNLA၊ AA အကြမ်း ဖက် သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား အခြေအနေ များကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ အကြမ်းဖက် သောင်းကျန်းသူများ၏ ခေတ် အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြား ရပ်တည်လို စိတ်ကိုသာ ရှေ့တန်းတင်လာကြသည်ကို တွေ့ရှိရတယ်”ဟု ပြောသည်။
MNDAA-AA-TNLA တို့သည် နွေဦးတော်လှန်ရေး အင်အားစု လက်နက်ကိုင်များကို စုစည်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကို ဖော်ဆောင်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ဒုတိယ လှိုင်းကို ဖော်ဆောင်ခဲ့သည်။

MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်

အဆိုပါ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် လားရှိုးမြို့၊ သိန္နီမြို့၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းငေါ့၊ နမ္မတူ၊ မိုးမိတ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ စဉ့်ကိုင်၊ မတ္တရာ၊ သပိတ်ကျင်း စသည့် ဒေသများကို သိမ်းပိုက် ထိန်းချုပ်ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းမှာလည်း AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင်  မြောက်ဦး၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ ရမ်းဗြဲ၊ သံတွဲ၊ မင်းပြား၊ ဂွ၊ တောင်ကုတ်၊ အမ်းနှင့် ချင်းပြည်နယ်အတွင်းက ပလက်ဝ စသည့် ဒေသများကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့သည်။

ထို့နောက် တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာ့တပ်မတော်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (ရမခ) အပါအဝင် လားရှိုး၊ မိုးကုတ်၊ မိုးမိတ်တို့ကို ပြန်လည်ရရှိခဲ့သလို  TNLA – PDF များကို တိုက်ခိုက်ပြီး တော့လည်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကိုင်တို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

 ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ထိုးကြစဉ်

လက်နက်ကိုင် အဖွဲ့အစည်းများသည် လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲ အတွင်း အတင်းအဓမ္မ ရောက်ရှိစေခဲ့ကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍ မရနိုင်ဘဲ နိုင်ငံရေး စားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသော နည်းဖြင့်သာ ပဋိပက္ခများ ကို ပြေလည်စေမည်ကို သိရှိကြကာ လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြ ရေး တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့နောက် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့ အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသောနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်း ပယောဂကင်းကင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း ဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

MNDAA-AA-TNLA တို့သည် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးရန် ဆန္ဒရှိခဲ့သော်လည်း မြန်မာ့တပ်မတော်က NCA ထိုးခွင့်မပြုဘဲ ပိတ်ပင်တားဆီးခဲ့ကြောင်း၊ ယခု MNDAA-AA-TNLA တို့သည် အင်အားတောင့်တင်းလာပြီး နယ်မြေပိုင်ဆိုင်မှုများ ရှိလာခြင်းကြောင့် NCA ထက် ကျော်လွန်သော အခွင့်အရေးကို တောင်းဆိုလျက်ရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များက ထောက်ပြ ကြသည်။