CNI News

၂၀၂၆ ခုနှစ်၊ မေလ ၅

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့(MNDAA)ကို တရုတ်က အသုံးချပြီး မည်ကဲ့သို့ အကျိုး အမြတ် ရှာလာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ်လာကြသည်။

တရုတ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကြသော “ဝ”တပ်ဖွဲ့ (UWSA)နှင့် မြောက်ပိုင်း ၃ ဖွဲ့ ဖြစ်သည့် AA-TNLA-MNDAA တို့အပေါ် သြဇာလွှမ်းမိုးမှုရှိသည့်အပြင် လိုအပ်သလို ထိန်းချုပ်ကာ ထုတ်သုံး ကစားနိုင်သည့် အင်အားရှိသည်။

တရုတ်အနေဖြင့် “ဝ” UWSA ထက် ကိုးကန့်(MNDAA)အား မည်မျှ အသုံးချနိုင်မလဲ ဆိုသည်ကို သုံးသပ်ရန် လိုအပ်ကြောင်း၊ ကိုးကန့်၏ ရပ်တည်ချက်သည်လည်း စဥ်းစားစရာရှိကြောင်း နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “MNDAA ကို သိပ်ပြီးတော့ ဖိနှိပ်လို့တော့ မဖြစ်ဘူး။ သူက တစ်ဖက်ကလည်း သူက တရုတ် အမျိုးသားရေး ကို ရှေ့တန်း တင်ရတော့မှာကို ဒီတစ်ချက်ပေါ့။ MNDAA ကို မြှောက်လည်းပေးမယ်။ နောက်တစ်ခုကတော့ ဒီလက်ရှိ တပ်မတော်နဲ့ မြန်မာအစိုးရ ဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရကော၊ နောက်ပြီးဝောာ့ MNDAA ကို အလိုလိုက်ပြီးတော့ ကွတ်ခိုင်တို့၊ သိန္နီတို့၊ နမ့်ခမ်းတို့ကို ဒီလို ပေးလိုက်ပြန်လို့လည်း လုံးဝမရဘူး။ အဲဒီတော့ ပြောရမယ်ဆိုရင် သဘောထား တင်းမာတဲ့ လူတွေအတွက်ဆိုရင်တော့ ကွမ်လုံ၊ ဟိုပန်တောင် လာပြန်တောင်းမှာ ပြန်ယူမှာ။  ဒါ‌မပေးဘဲနဲ့ သူတို့အစတည်းက အ‌ခြေတည်ထားတဲ့ လောက်ကိုင်မှာ နေတာတော့ လက်ခံနိုင်တယ် ပေါ့နော်။ အဲဒီတော့ MNDAA ကို တရုတ်က အဲဒါကို အသုံးချဝာာ။ "ဝ"ထက်စာရင် MNDAA ကိုအသုံးချတာ ဘယ်လောက်‌ အသုံးချနိုင်မလဲပေါ့နော်။ သူက အမျိုးသားရေးရာ နောက်က Backups လည်းရှိတယ်။ တစ်ဖက် ကလည်း မြန်မာနဲ့ မိတ်မပျက်အောင် ဘယ်လိုဆက်ဆံမလဲပေါ့။ MNDAA ကရော သူ့စကားကို ဘယ်လောက် နားထောင်တဲ့ အတိုင်းအတာ ရှိသလဲဆိုဝာာက သုံးသပ်ဖို့ လိုလာတယ်ပေါ့နော်။ အထူးသဖြင့် MNDAA ရပ်တည် ချက်ကလည်း စဉ်းစားစရာရှိတယ်။ ဘာလို့လဲဆိုတော့ ထိုင်ဝမ်တို့ ဘာတို့ကလည်း ဒီကိစ္စမှာ ခြေရှုပ်နေတာလည်း ရှိတဲ့ အခါကျတော့ ဒါက  သေချာပြောလို့ မရတော့ဘူး။ တစ်ဖက်ကလည်း အရမ်း Pressure ပေးရလည်း တရုတ် အမျိုးသားရေးဝါဒကို ထိခိုက်မှာစိုးတဲ့ အ‌တွက်ကြောင့်မို့လို့ ဒီကြားထဲမှာတော့ တရုတ်အစိုးရ သူလည်း ကစားရမှာ ပေါ့နော်။ မြန်မာကစားသလို သူလည်း ကစားရမှာပေါ့နော်။ ပထမဦးဆုံး အခုကားလမ်းပေါ်မှာရှိတဲ့ ဟာတွေကို MNDAA က TNLA ကို ဖယ်လိုက်ပြီလေ။ ဒါ အကျိုးအမြတ်ပဲပေါ့နော်” ဟု ပြောသည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း၊ မြန်မာ့တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့  MNDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က စတင်ကာ တအာင်းတပ်ဖွဲ့(TNLA) နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA)ကြား ကွတ်ခိုင်မြို့နယ်ထဲမှာ အချင်းများနေသလို နယ်မြေအုပ်ချုပ်ရေး အငြင်းပွားမှု ဖြစ်စဥ်များ ဖြစ်ခဲ့ကြသည်။ 

MNDAA နှင့် TNLA တို့၏ ပဋိပက္ခ ဖြစ်ပေါ်လာရခြင်း နောက်ကွယ်တွင် တရုတ်နိုင်ငံ မပါဝင်ဘူးဟု ပြောဆိုကြ သော်လည်း ၎င်း၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ငြိမ်းချမ်း စေချင်သည့် စိတ်စေတနာရှိသလို တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို ကစားနေသည့် အနေအထားဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ ထောက်ပြကြသည်။ 

ထို့အပြင် တရုတ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံအပေါ် ၎င်းတို့ ဖြစ်စေချင်သည့် နိုင်ငံရေးပုံစံတစ်ခုကို ဖိအားပေးနေ ကြောင်း ဒေါက်တာအောင်မျိုးက ဆက်ပြောသည်။ 

၎င်းက “တရုတ် အခန်းကဏ္ဍကတော့ အထူးသဖြင့်တော့ စီးပွားရေးကဏ္ဍပေါ့နော်။ သူ့ရဲ့ ရည်မှန်းချက် အောင်မြင် ဖို့ အတွက် စီးပွားရေးကဏ္ဍမှာ သူလာမယ်။ နောက်တစ်ခုကတော့ သူဖြစ်စေချင်တဲ့ နိုင်ငံရေးပုံစံတစ်ခုကို သူက တော့ ဖိအားပေးနေတယ်ပေါ့နော်။ သူ့ဖိအားက မြန်မာအစိုးရအပေါ်မှာ ဘယ်လောက်ရှိသလဲ။ နောက်တစ်ခုက သူက အထူးသဖြင့် MNDAA ပေါ့နော်။ MNDAA အပေါ်မှာ သူဘယ်လောက် အသုံးချနိုင်မလဲပေါ့နော်။ ဒီနှစ်ချက်ကို သွားပြီးတော့ မူတည်တယ်။ အဲ့တာက စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာတဲ့ နိုင်ငံရေးအကြောင်းတရားပေါ့ နော်။ တစ်ချက်က ‌ဒီအစိုးရ မပြုတ်ကျအောင် အဆင်ပြေ ချောမွေ့အောင် မပြိုကွဲအောင် ဒါကို အထောက်အကူ ပေးပါလိမ့်မယ် ဒါတစ်ချက်ပေါ့။ နောက်တစ်ခုကတော့ MNDAA ကို သူဘယ်လောက် လွှမ်းမိုးမှု နိုင်သလဲဆို တာက MNDAA ကလည်း နယ်မြေ‌တွေ တိုးချဲ့ပြီး ယူထားတာတွေရှိတယ်။ အဲဒါက ကိုယ်‌တို့က မသိနိုင်ဘူးပေါ့ နော်။ ဒါတွေက နိုင်ငံတော်ကို ပြန်ပေးမှာလား။ ဒါမှမဟုတ် MNDAA က "ဝ" လိုပဲ ယူမလားပေါ့နော်။ MNDAA ကို သူက မသင့်တော်ဘူးဆိုပြီးတော့ တားမလား။ သူက မြှောက်ပေးမလားဆိုတဲ့ ဒီအချက်နှစ်ချက်ပေါ် မူတည်တာ ပေါ့။ တစ်ချက်ကတော့ စီးပွားရေးအရ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ရထားလမ်းကိစ္စ၊ နောက်ပြီးတော့ စွမ်းအင် အတွက် မြစ်ဆုံဆည်ကိစ္စ၊ ပြီးလို့ရှိရင်တော့ အဲ့ဒီဟာလုပ်ဖို့အတွက်ကို နိုင်ငံရေးအရ တစ်နိုင်ငံ စနစ်နှစ်မျိုးဆိုတဲ့ ပုံစံမျိုးကို သူက လုပ်လာနိုင်တယ်ပေါ့နော်” ဟု ပြောသည်။ 

MNDAA-AA- TNLA တို့သည် နွေဦးတော်လှန်ရေး အင်အားစု လက်နက်ကိုင်များကို စုစည်းပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကို ဖော်ဆောင်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဒုတိယလှိုင်းကို ‌ထပ်မံဖော်ဆောင်ခဲ့သည်။ 

တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် သြဇာလွှမ်းမိုးမှုကို အသုံးချပြီး မြန်မာ့ပြည်တွင်းရေးတွင် ဆက်လက် ပါဝင်နိုင်မည့် အနေအထားမျိုးရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအား ၎င်းတို့၏ အကျိုးစီးပွားအတွက် များစွာ အသုံးချသွားမည့် အလားအလာ ရှိနိုင်သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညို သင်းက CNI သတင်းဌာနသို့ ပြောသည်။ 

MNDAA- TNLA – AA ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “တရုတ်ရဲ့ အခန်းကဏ္ဍကတော့ အရင်အစိုးရတွေထက် ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အရေးမှာ ပိုပြီးတော့ ပါလာတာကို တွေ့ရတယ်။ မြန်မာနိုင်ငံ အနေနဲ့က သတိထားပြီးတော့ ဆက်ဆံရမယ့် အနေအထားမှာ ရှိတယ်။ အဲဒီလိုပြောလို့ သူ့ကို လုံးဝပစ်ပယ်ပြီး ဆက်ဆံလို့ရမယ့် အနေအထားမျိုးတော့ မဟုတ်ဘူး။ သူက အိမ်နီချင်း နိုင်ငံ ဖြစ်ပြီးတော့ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူနဲ့ ဆက်ဆံတဲ့အခါမှာ တရားဥပဒေ စိုးမိုးရေးကို လက်ကိုင်ထားပြီးတော့ သတိထားပြီး ဆက်ဆံဖို့ လိုတယ်ပေါ့နော်။ တရုတ်နိုင်ငံနဲ့ ဘာပဲလုပ်လုပ် စာချုပ် စာတမ်းနဲ့ ရေးသားပြီးတော့ သေသေချာချာ စနစ်တကျ လုပ်မှဖြစ်မယ့် အနေအထားမျိုးကို ရောက်လာတယ် ပေါ့နော်။ MNDAA ကတော့ အထင်ရှားဆုံး ဥပမာပဲပေါ့နော်။ ဒါပေမယ့်လည်း တခြားအဖွဲ့အစည်းတွေ အပေါ်မှာ လည်း တရုတ်ရဲ့ လွှမ်းမိုးနိုင်မှုက အနည်းနဲ့အများတော့ ရှိနေတာပဲ။ MNDAA တစ်ဖွဲ့တည်းတော့ မဟုတ်ဘူး။ အခု လက်ရှိကတော့ MNDAA တော်တော်လေး အသုံးချနိုင်တယ်ဆိုတာ ဒါထင်ထင်ရှားရှားကြီး တွေ့နေရတဲ့ အပိုင်းပေါ့ နော်။ ဆက်ပြီးတော့လည်း ဒီလိုမျိုး သူ့ရဲ့အာဏာနဲ့ သူ့ရဲ့ပါဝါ သူ့ရဲ့လွှမ်းမိုးမှုကို အသုံးချပြီး မြန်မာပြည်ရဲ့ ပြည် တွင်းရေးတွေမှာ ဆက်ပြီးတော့ ပါနေမယ့် အနေအထားရှိတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအပေါ်မှာ တရုတ် နိုင်ငံက ရနိုင်သမျှသော အကျိုးစီးပွားတွေကို ယူသွားနိုင်မယ့် အနေအထားမျိုး ရှိတယ်ပေါ့နော်။ မြန်မာအာဏာ ပိုင်တွေ အနေနဲ့က ခုနပြောသလိုပဲ သတိကြီးစွာ ထားပြီးတော့ တရားဥပဒေ စိုးမိုးရေး လက်ကိုင်ထားပြီးတော့ ဆက်ဆံရမှာ ဖြစ်တယ်ပေါ့နော်။ သေသေချာချာကို တရုတ်နဲ့ အလုပ်လုပ်လို့ရှိရင် စာချုပ်စာတမ်းတွေနဲ့ ကတိ ကဝတ်တွေနဲ့ သေချာလုပ်ဖို့ လိုတယ်ပေါ့နော်။ MNDAA မှ မဟုတ်ပါဘူး။ MNDAA ကတော့ မြင်သာ ထင်သာနေ တာပေါ့။ တခြားသော လက်နက်ကိုင် အဖွဲ့တွေကိုလည်းပဲ တရုတ်နိုင်ငံက ကောင်းကောင်း အသုံးချနိုင်တဲ့ အနေ အထားမှာ ရှိတယ်။ တခြားသော လက်နက်ကိုင် အဖွဲ့တွေကိုလည်း အသုံးချပြီးတော့ MNDAA အပါအဝင်ပေါ့လေ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံကို သူ့ရဲ့ အကျိုးစီးပွားအတွက်ကို အများကြီး အသုံးချသွားဖို့ အလားအလာတွေ အများကြီးရှိတယ်။ အန်တီတို့ကတော့ လိမ်မာပါးနပ်စွာနဲ့ သူလည်းအကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိဖြစ်အောင် လုပ်ဖို့ လိုတယ်ပေါ့နော်။ သူလည်း အကျိုးစီးပွားရစေ၊ ကိုယ်လည်း မနာစေပေါ့နော် ဖြစ်ဖို့လိုတယ်” ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

တခြား တစ်ဖက်မှာလည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်နှင့် ဆွေးနွေးလျက်ရှိသည်။

အလားတူ သမ္မတ ဦးမင်းအောင်လှိုင်သည် မေလအတွင်းမှာ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိနေသည်။