CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများသည် တရုတ်နှင့် မြန်မာ့တပ်မတော်တို့ အကြား သဘောတူညီချက်နှင့် ဆက်ဆံရေးများအပေါ် မူတည်၍ စစ်ရေးလှုပ်ရှားမှု ပြန်လုပ်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

ဗဟိုအစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများကို မိမိဘက်ပါအောင် စည်းရုံးထားမည်ဆိုပါ တရုတ်အစိုးရ ၏ မြန်မာ့အရေးအပေါ် သဘောထား ပြောင်းလဲခဲ့သည်ရှိသော် လက်နက်ကိုင်ပြဿနာ ဖြစ်လာနိုင်ဖွယ် မရှိ ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “Central government နဲ့ တရုတ်နဲ့ သဘောတူညီချက် အပေါ်မှာ၊ ဆက်ဆံရေး အပေါ်မှာ အများကြီး မူတည်ပါတယ်။ ၁၀ နှစ်ပြည့် အခမ်းအနားမှာလည်း တိန့်ရှီကျွင်း ကိုယ်တိုင် ပြောသွားတယ်၊ မြန်မာ့ငြိမ်းချမ်းရေး ကိစ္စက အရေးကြီးတယ်။ ရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရေးက အရေးကြီးတယ်ဆိုတဲ့ဟာ။ သူတို့တွေအနေနဲ့ ကူညီမယ်ဆိုတဲ့ အခါကြတော့ ဒါသဘောထား ပေါ်လစီကတော့ ယနေ့ လောလောဆယ်ကတော့ မပြောင်းလဲ နိုင်ဘူးလို့ ပြောလို့ရတာပေါ့နော်။ အဲဒါကို အဲဒီလိုမျိုး အချိန်လေးမှာလည်း မြန်မာအစိုးရကနေပြီးတော့မှ central government ကနေပြီးတော့မှ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကိုယ့်ဘက်ပါအောင် အားလုံးပိုက်ထားဖို့တော့ လိုအပ်ပါတယ်။ အကုန်လုံးက ကိုယ့်လူတွေ ဖြစ်သွားကြပြီဆိုရင်တော့ တရုတ်ရဲ့ ပေါ်လစီတွေ မည်မျှပင် ပြောင်း စေကာမူ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပေါ်လစီအတိုင်းကို လျှောက်သွားကြရတော့မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့မှ ခေါင်းဆောင်များကို တွေ့ရစဉ်

တရုတ်အစိုးရအနေဖြင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ ဗဟိုအစိုးရအပေါ် သဘောထားပြောင်းလဲမှု မရှိသည့် အပြင် တပ်မတော်အတွက် အပစ်ရပ်ရေး၊ နယ်မြေများ ပြန်လည် ရရှိရေးကိုပါ လက်နက်ကိုင်များအပေါ် ဖိအား ပေး၍ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ထို့ပြင် တရုတ်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ၎င်းအတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ စီမံကိန်း လမ်းကြောင်းများ ပြန်လည် အကောင်အထည် ဖော်နိုင်ရေးအတွက် UWSA ကို အခြားလက်နက်ကိုင် အဖွဲ့အစည်း များအား လက်နက်ခဲယမ်း ထောက်ပံ့ခြင်း အပါအဝင် အခြားသော အကူအညီများ မပေးရန် ပိတ်ပင်ထားသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ အကျိုးစီးပွားမှာ အင်မတန် များပြားသဖြင့် ဗဟိုအစိုးရတစ်ရပ် ပျက်စီးထိခိုက်သွား မည်ဆိုပါက ဦးစွာနစ်နာမှာသည် တရုတ်နိုင်ငံသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး က CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် တရုတ်အနေဖြင့် ၎င်း၏ ဈေးကွက်စီးပွားရေးကို အပျက်အစီး မခံနိုင်သည့်အတွက် ဗဟိုအစိုးရနှင့် ခိုင်မာသည့် ဆက်ဆံရေးမျိုးဖြစ်ရန် ဆန္ဒရှိသည်ဟု မြင်ကြောင်း ၎င်းက ပြောသည်။

UWSA ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ်ဟောင်း ဆွန်ကော်ရှန်းကို တွေ့ရစဉ် 

ဒေါက်တာအောင်မျိုးက “တရုတ်က သူက ပြောရလို့ရှိရင်တော့ လက်ရှိ အစိုးရကို မကျေနပ်ဘူး၊ မကြိုက်ဘူး၊ စိတ် အနှောင့်အယှက်ဖြစ်လို့ မသိကျေးကျွံ ဆောင်ပြီးတော့ ဟိုကောင်တွေကို ခွင့်ပြုပေးလိုက်တယ် ဆိုရင်လည်းပဲ ဒီနိုင်ငံမှာက သူမြှောက် ပေးလိုက်တဲ့ ကောင်တွေက တစ်နိုင်ငံလုံး လွှမ်းမိုးသွားနိုင်တဲ့ အနေအထားမှ မရှိတာကြီး။ အဲဒီအနေအထားက လုံးဝမရှိဘူး။ တစ်ဖက်ကလည်း ဒီဖက်မှာက မြန်မာပြည်မကြီးမှာရှိတဲ့ လူအစိတ်အပိုင်း တချို့ကလည်း တရုတ် လိုလားတဲ့လူတွေ မဟုတ်ဘူး။ KNU တို့ ဘာတို့ RCSS တို့ဆိုရင်လည်း တရုတ်လိုလားတဲ့ လူတွေမှ မဟုတ်တာ။ အမေရိကန်အုပ်စု လိုလားတဲ့ သူတွေပဲဥစ္စာ။ ဒီနှစ်ခုမှာ ဆူပူသောင်းကျန်းနေကြတဲ့ ဗဟို အင်အားစု ပျက်သွားတယ်၊ တပ်မတော် ဒါမှမဟုတ် နိုင်ငံတော် တစ်ခုခု ထိခိုက်သွားတယ်၊ အချုပ်အခြာအာဏာ ဆုံးရှုံး သွားတယ်ဆိုရင် အရင်ဆုံးနာမှာ တရုတ်ပဲလေ။ သူ့ရဲ့ သမုဒ္ဒရာထွက်ပေါက်က ဘယ်လိုမှ လုပ်မရတော့ဘူး။ ဈေးကွက်ကြီးလည်း သူပျက်မှာလေ။ တည်ငြိမ်တဲ့ စနစ်ကိုသူက အကောင်အထည် ဖော်လို့မရဘူးလေ။ အဲဒါ သူဘယ် အဖြစ်ခံမလဲ။ မြန်မာနိုင်ငံမှာရှိတဲ့ အားကောင်းတဲ့၊ ခိုင်မာတဲ့ ဗဟိုအစိုးရတစ်ရပ်နဲ့ ဆက်ဆံဖို့ ဆန္ဒရှိတယ် လို့ အပြည့်အဝ ယုံကြည်ထားပြီးသားပဲ” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြောက်ပိုင်း ၃ ဖွဲ့အနက် MNDAA နှင့် TNLA တို့ဖြင့် အပစ်ရပ် သဘောတူထားကြသကဲ့သို့ နယ်မြေအချို့ကိုလည်း ပြန်လည် ရရှိထားသည်။

ထိုသို့ အပစ်ရပ် သဘောတူ ထားခြင်းနှင့်အတူ ၎င်းဒေသများတွင် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး ကိုလည်း တရုတ်ဘက်မှ ကူညီပေးမည့် အနေအထားဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

အကယ်၍ တရုတ်နှင့်မြန်မာ့တပ်မတော်ကြား ဆက်ဆံရေး မကောင်းတော့ဘဲ ဖြစ်သည့်အခါ သို့မဟုတ် တရုတ်က မူဝါဒ အပြောင်းအလဲ လုပ်သည့်အခါတွင် TNLA နှင့် MNDAA သည် စစ်ရေးလှုပ်ရှားမှုများ ပြန်လည် လုပ်ဆောင် လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။