CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၁၉
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ် အနေဖြင့် မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရသည့် နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေး အမျိုးသားညီညွတ်ရေးကို တည်ဆောက်ဖို့လိုကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း (၁) အနေဖြင့် မြို့နယ် (၁၀၂) မြို့နယ်၌ ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် (၁၀၀) မြို့နယ်မှာ ကျင်းပမည် ဖြစ်သည်။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် အမျိုးသား ညီညွတ်ရေးကို မရရအောင် တည်ဆောက်မည်ဟု ရခိုင့်ဦးဆောင်ပါတီ(ANP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “လာမယ့် ရွေးကောက်ပွဲအလွန်မှာ ပေါ်ထွန်းလာမယ့် လက်ရှိအစိုးရက အာဏာလွှဲပြောင်းမယ့် အစိုးရ တစ်ရပ်သည် ပိုပြီး နိုင်ငံတကာရေးရာအားဖြင့် ပျော့ပြောင်းနိုင်ခြေ ပိုရှိတာပေါ့၊ အဲဒီလိုပဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းမှုနဲ့ပတ်သက်လို့ နိုင်ငံရေးအရွေ့ ရွေ့တာနဲ့ ပတ်သက်လို့ ပိုမို ခိုင်ခိုင် မာမာပေါ့၊ ကြီးမားတဲ့ စွမ်းအားတစ်ခုရှိဖို့ လိုအပ်တာပေါ့။ အဲဒီစွမ်းအားက ခုနက အမျိုးသားပြန်လည် ရင်ကြား စေ့ရေးနဲ့ အမျိုးသားညီညွတ်ရေးကို မရရအောင် ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားမှုဆိုတဲ့ ခိုင်မာပြတ်သားတဲ့ ဦးတည်ချက်ရှိဖို့ လိုတာပေါ့။ အဲဒီအခါမှာ (Strong) ဖြစ်ဖို့ လိုတာပေါ့၊ အဲ့တော့ (Strong Government) ဖြစ်ဖို့ လိုတယ်။ အဲလိုပဲ ပျော့ပြောင်းညင်သာတဲ့ နိုင်ငံတကာ သံခင်းတမန်ခင်းနည်းနဲ့ ပြည်တွင်းရဲ့ အကျပ်အတည်း Sanction အပါအဝင်ပေါ့ဗျာ အားလုံးကို ကျော်ဖြတ်နိုင်ရမယ်။ လွှတ်တော်အစိုးရ ဖွဲ့စည်းတဲ့အခါမှာ အရင်ဖွဲ့စည်း ပြီးသား အစိုးရ အဆက်ဆက်ထက် ပိုပြီး အားကောင်းနိုင်ခြေရှိတဲ့ အစိုးရပုံသဏ္ဍာန်မျိုးကို ပြောင်းလဲနိုင်ခဲ့ကြရမှာ ပေါ့၊ အဲဒီလို ပြောင်းလဲနိုင်တယ်ဆိုလို့ရှိရင် လာမယ့် ၅ နှစ်သည် ကျနော်တို့ မျှော်မှန်းတဲ့ နိုင်ငံတော်သစ်ကို ပြန်လည် တည်ဆောက်နိုင်တဲ့ ကနဦး ခြေလှမ်း ရွေးကောက်ပွဲ အခြေခံကာလမှာ ပေါ်ထွန်းနိုင်ခြေရှိတာပေါ့”ဟု ပြောသည်။
တက်လာမည့် အစိုးရသစ် တစ်ရပ်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး အဖွဲ့အစည်းများ အားလုံးဖြင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးသင့်သည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ UEC က တာဝန်ရှိသူများကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ အနေနဲ့ကတော့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရမယ်၊ အပစ်ခတ်ရပ်စဲရမယ်ဆို ငြိမ်းချမ်းရေးကို ဘယ်လိုသွားမလဲ ပြည်ထောင်စုကြီးကို ဘယ်လို ဖက်ဒရယ်ပုံစံကို ဘယ်လိုသွားမလဲဆိုတာ တွေ့ဆုံ ညှိနှိုင်းရမယ် လေ၊ တွေ့ဆုံညှိနှိုင်းရမယ်။ ပထမဆုံး ပြည်သူလူထု လူငယ်တွေ မသေရအောင် အပစ်ခတ်ရပ်စဲရမယ်၊ အပစ်ခတ် ရပ်စဲ ဆိုတော့ တိုင်းပြည်ကို ဘယ်လိုကောင်းအောင် လုပ်မလဲဆိုပြီးတော့ တွေ့ဆုံဆွေးနွေးမှု လုပ်ရမယ်။ တိုင်းပြည် ချစ်တဲ့စိတ်နဲ့ပဲ သွားရမယ်၊ ပြည်ထောင်စုကြီးကို ချစ်တဲ့စိတ်နဲ့ပဲလုပ်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် တစ်ဖက်နဲ့တစ်ဖက် အပြစ်မတင်ပဲနဲ့လေ ဘယ်လိုလုပ်ကြမလဲ။ တိုင်းပြည်ရေရှည် ငြိမ်းချမ်းအောင် ရေရှည် ဖွံ့ဖြိုး တိုးတက်အောင် ရေရှည်တည်ငြိမ် ငြိမ်းချမ်းအောင် ဘယ်လိုလုပ်ကြမလဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်ကြမလဲ၊ အတိတ်ကို အတိတ်မှာပဲထားလိုက်။ အတိတ်ကို မေ့ပစ်လိုက်။ လက်ရှိ အနာဂတ်ကိုပဲ ကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ တိုင်ပင်ဆွေးနွေးလေ၊ တိုင်ပင်ဆွေးနွေးရမယ်။ အဖွဲ့တွေ အားလုံးက ပွင့်ပွင့်လင်းလင်း စားပွဲဝိုင်းမှာ ဆွေးနွေးပြီးတော့ ငြိမ်းချမ်းအောင် အရင်လုပ်ရမယ်၊ ဒါမှ တိုင်းပြည်က မနစ်နာဘူး လေ မဟုတ်ရင် တိုင်းပြည်က အရမ်းနစ်နာတယ်”ဟု ပြောသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ တွင် အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
လာမည့် ရွေးကောက်ပွဲပြီးလျှင် တပ်မတော်မှ နိုင်ငံရေးအတွက် မပါဘဲ နိုင်ငံတော်ကာကွယ်ရေးကိုပဲ တာဝန် ထမ်းဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်ကို အသိပေးထားသည်။
ထို့နောက် ရွေးကောက်ပွဲ အလွန်အစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရပုံစံ ဖွဲ့စည်းလိုကြောင်း ပြည်သူများက မျှော်လင့်နေကြသည်။
