CNI New

၂၀၂၅ ခုနှစ်၊ ဇူလှိုင် ၂

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထု အများစုသည် ဒီမိုကရေစီဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြသေးဘူးဟု ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာ အား ရယူခဲ့သည်။

ထို့နောက် ဒီမိုကရေစီ ပြန်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသလို လက်နက်ကိုင် တော်လှန်ရေးနည်းလမ်းဖြင့်လည်း တောင်းဆိုလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ရှင်းရှင်းလင်းလင်း မသိကြသေးဘဲ စစ်အုပ်ချုပ်‌ရေးကနေ ပြောင်းချင်တာလောက်ပဲ သိသည့် အနေအထားမှာရှိနေကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီတောင်းဆိုနေကြစဉ် (ဓာတ်ပုံ- ဖရွန်းတီးယားမြန်မာ)

၎င်းက “တစ်ပါတီစနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းမယ်ဆို ပါတီစုံစနစ်ကိုပေါ့နော်၊ ပြောင်းမယ်လို့ လုပ်လိုက် တဲ့အခါမှာ ဆရာမတို့ တိုင်းပြည်က တော်တော်များများ အားလုံးဟာ ဘာဖြစ်လဲဆိုတော့ အသင့်မဖြစ်သေးဘူး စစ်အုပ်ချုပ်ရေးကနေ ပြောင်းချင်တာပဲရှိတယ်။ ဒီမိုကရေစီဆိုတာကို ရှင်းရှင်းလင်းလင်းကို သူတို့ မသိသေးဘူး။ နည်းနည်းတော့ အဆင်မပြေတွေ ဖြစ်ကုန်တာပေါ့။ ဒီမိုကရေစီကို အောက်ခြေမှာဆို ရွာတွေမှာ ဘာမှမသိကြဘူး၊ သူတို့နားလည်တာ ဒီမိုကရေစီဆိုတာ လူတစ်ယောက်ရဲ့ နာမည်ပဲဆိုပြီး သိနေကြတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်တယ်ဆိုတဲ့ ဟာမျိုးဆိုတော့ ဒါတွေဟာ အရမ်းအန္တရာယ်များတဲ့ကိစ္စပါ။ ဒီမိုကရေစီစနစ်ဆိုတာက တကယ်တမ်းကြရင် rules and regulations ကို ဦးထိပ်ထားပြီး တကယ်လိုက်နာတယ်၊ အခွန်ကိစ္စတွေပဲဖြစ်ဖြစ်၊ တခြားဘာကိစ္စဖြစ်ဖြစ်၊ အားလုံးစည်းကမ်း လိုက်နာရတယ်။ အားလုံးက စည်းကမ်းလိုက်နာမှသာ ဥပမာ စင်္ကာပူ၊ စင်္ကာပူမှာဆို အမြဲတမ်း အဲလိုဖြစ်တယ်။ ပြီးတော့သူက rules and regulations ကို ဦးထိပ်ထားတယ် ဟုတ်လား လျှပ်စစ်ကြိမ်ဒဏ်ဆိုရင် အသေကြောက်တာ သူ့နိုင်ငံသားတွေက တို့ဆီမှာက ကျောသားရင်သား ခွဲခြားမှုတွေ ရှိနေသလိုပေါ့နော်။ အဲဒါတွေက တော်တော်ဆိုးတာပေါ့နော်။ ဥပဒေမကြီးစိုးတာပေါ့။ အုပ်ချုပ်တဲ့ လူတန်းစားမှ မဟုတ်ဘူး၊ လူထုလူတန်းစားထဲမှာရော၊ အုပ်ချုပ်တဲ့ ဒီဘက်မှာလည်းရှိတယ် အဲဒါတွေအားလုံးကတော့ တော် တော်လေးတော့ ပြုပြင်ရဦးမယ့် ကိစ္စတွေပဲ”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုသူနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကို တည်ဆောက်လိုသူဆိုပြီး အုပ်စုများ ကွဲနေကြသလို NCA စာချုပ်မှာတော့ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံကို သွားလိုသော အနာဂတ် ပြည်ထောင်စုစနစ်အပေါ်မှာ လတ်တလော မသဲကွဲဘဲ ဖြစ်နေကြကြောင်း၊  ဒီမိုကရေစီဆိုသည်မှာ မိမိ နားလည်သလို အဓိပ္ပာယ် ဖွင့်ဆိုကြခြင်းဖြစ်ပြီး ကိုယ်အားသန်ရာကို အပြိုင်လွန်ဆွဲနေ ခြင်းက မဖြစ်သင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေကြစဉ်

၎င်းက “ဒီမိုကရေစီဆိုတာကတော့ ဒါကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ အဓိပ္ပါယ်ဖွင့်ကြတာပေါ့ဗျာ။ ဒီမိုကရေစီကို တော့ သူ့ဘက်ကိုယ့်ဘက် အပြိုင်လွန်ဆွဲကြတာ ဖြစ်ပါတယ်။ အဲဒီလိုဘဲ ဒီမိုကရေစီလား ဆိုရှယ်လစ် ဒီမိုကရေစီ လား စသည်ဖြင့်ပေါ့၊ ဒါက တစ်ပိုင်းငြင်းဖို့ မသင့်ဘူး။ ပြည်တွင်း စစ်ရဲ့ရှည်ကြာမှုပေါ့ဗျာ။ စစ်ပြေးဒုက္ခသည်များ နိုင်ငံတကာကို ရောက်နေတဲ့ ဒုက္ခသည်များ ပြည်တွင်းမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ ရွေ့ပြောင်းတွေကို ပြန်ကြည့်ပြီး သူတို့လည်း ပညာရေးပိုင်းဆိုင်ရာ အတွေးအခေါ် ပိုင်းဆိုင်ရာအားဖြင့် တစ်ဖက်က ဆွဲတဲ့ဘက်ကို ပိုရောက်သွား တာပေါ့။ ဘက်ပေါင်းစုံ မျှခြေကို စဉ်းစားပြီးမှ ဟိုဘက်ဒီဘက်ဆိုတဲ့ ဘက်နဲ့ဆုံးဖြတ်တာ ထက်စာရင် ဘက် တစ်ဘက် အနေနဲ့ ဆုံးဖြတ်ကြတာများတာပေါ့။ ဘက်ပေါင်းစုံ တွေးခေါ်စဉ်းစား ချင့်ချိန်နိုင်တတ်တဲ့သူများ ရှိဖို့ လိုအပ်တာပေါ့။ ဒါမှ မှားတယ်မှန်တယ် ဆိုရှယ်ဒီမိုကရေစီ ဘက်ကမှားသလား liberal democracy ဘက်က မှားသလားပေါ့။ ဆိုတော့ ကျနော်တို့ နိုင်ငံနဲ့ပတ်သက်တဲ့ သုံးတဲ့အခါမှာ ဒီမိုက‌ရေစီဆိုတာ တစ်ခုသုံးတယ်။ ဖက်ဒ ရယ်ဆိုတာ တစ်ခုသုံးပါတယ်။ တချို့တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်ဘက်ကို အားသာတာပေါ့။ အဲတော့ ဒီမိုကရေစီ မရရင်နေပါစေ ဖက်ဒရယ်ဆိုတဲ့ မျှတချင်းပေါ့ဗျာနော်။ ကိုယ်ပိုင်အုပ်ချုပ် ကိုယ်တိုင်ပြဋ္ဌာန်းပိုင်ခွင့် ဆိုတဲ့ ကိုယ့်ဒေသကိုယ့်လူမျိုး ကိုယ့်ဒေသကိုယ့်နယ်မြေကို ကိုယ်တို့ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ဆိုတဲ့ ဘက်ကိုသွားတာပေါ့။ သူတို့က ဒီမိုကရေစီဆိုတဲ့ ပါတီစုံဆိုတာဘက်ကို လက်မခံဘူး။ တစ်ပါတီတွေပဲ အုပ်ချုပ်မယ် ကိုယ့်ဒေသ ကိုယ့် ပြည်နယ်ကို ကိုယ့်လက်နက်ကိုင် ပဋိပက္ခရှည်ကြာတာနဲ့မျှ လက်နက်ကိုင်ရဲ့ အဖွဲ့အစည်းတွေရဲ့ အမျိုးသားအကျိုး စီးပွားဆိုတာက အပြောပဲရှိတာပေါ့။ ကိုယ့်ရဲ့အကျိုးစီးပွား ကိုယ့်အဖွဲ့ရဲ့ အကျိုးစီးပွားဆိုတဲ့ ဘက်ကိုပိုပြီး ဆွဲဆောင်သွား ကြတာပေါ့”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး ဆွေးနွေးမှုများကနေ မည်သည့် စနစ်ဖြင့် တည်ဆောက်ကြမလဲ အဖြေရှာနေသည့်တိုင် တိကျသော သဘောတူညီချက်များ မရရှိသေးပေ။