CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆

မြန်မာပြည်တွင် ဒီမိုကရေစီမရရှိပါက ဖက်ဒရယ်လည်း ဘယ်သောခါမှ ရရှိမှာမဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား အင်အားစုတွေဖက်က ဒီမိုကရေစီရလည်း မိမိတို့အနေဖြင့် ဖက်ဒရယ်မရနိုင်ဆိုသော အတွေးမျိုးရှိ ကြောင်း ၎င်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက “ဖက်ဒရယ် ဒီမိုကရေစီဆိုတာ အစိုးရက တပ်မတော်က ဒီမိုကရေ စီ ဖက်ဒရယ်သွားတယ်၊ တိုင်းရင်းသားတွေက ဖက်ဒရယ်ဒီမိုကရေစီ သွားတယ်၊ ဒီမိုကရေစီကို ရှေ့ကမသွားချင် တော့ဘူး။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီရလည်း ငါတို့ ဖက်ဒရယ်မရဘူးဆိုတဲ့ အတွေးမျိုး ဖြစ်သွားတယ်၊ တကယ် တော့ ဒီမိုကရေစီဆိုတာ စနစ်၊ ဖက်ဒရယ်ဆိုတာက ဖွဲ့စည်းပုံ ဒီနှစ်ခုပေါင်းစပ်တာ ဖွဲ့စည်းပုံက သေးတယ်၊ တကယ်က ဒီမိုကရေစီမရရင် ဖက်ဒရယ်ဘယ်တော့မှ မရဘူး။ အဲဒီတော့ ဖက်ဒရယ်လိုချင်ရင် ဒီမိုကရေစီက အဓိက ကျတယ်၊ အဲဒါတွေလည်း တိုင်းရင်းသားတွေမှာ သူတို့လည်း ဘယ်ကနေ ဘယ်လို မှိုင်းတွေ မိတယ် မသိ ဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နစကနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ဆွေးနွေးလျက်ရှိသည်။

 

ဒီမိုကရေစီ တောင်းဆိုနေကြစဉ်

အလားတူ အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ကလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြောကြားထားသည်။

မြန်မာပြည်မှာ သွေးမြေကျရခြင်း အကြောင်းအရင်းမှာ ဖက်ဒရယ်ကြောင့် ဖြစ်ရခြင်းဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “အဲဒီလို ပြောလို့တော့ မရဘူးဗျ၊ မြန်မာနိုင်ငံကို သွေးမြေမကျစေချင်ရင် ဖက်ဒရယ်က တော့ ပေးရမှာပဲ၊ အဲဒီလို သွေးမြေမကျအောင် ဖက်ဒရယ်ပေးပြီးမှ ဒီမိုကရေစီနဲ့ပဲ သွားမှာလား၊ ဘာနဲ့ပဲ သွားမှာ လားဆိုတာ လူထုကပဲ ဆုံးဖြတ်ရမှာ၊ သေချာစိစစ်ကြည့်ရင် သွေးမြေကျတဲ့ အကြောင်းအရင်းက ဒီမိုကရေစီ ကြောင့် မဟုတ်ဘူး။ ဖက်ဒရယ်ကြောင့် ဖြစ်တာဗျ၊ အဲဒီတော့ ဖက်ဒရယ်ရလာတဲ့ ကာလမှာ ဒီမိုကရေစီဆိုတာ သူ့ဟာသူ တွဲပါလာတာ၊ အဲဒီတော့ ဖက်ဒရယ် မပေးချင်တဲ့အခါမှာ ဒီမိုကရေစီကို ရှေ့တန်းတင်ပြီးမှ ဒီမိုကရေစီကို အစွဲကြီးကြတယ်၊ ဒါလည်းပဲ ဒီမိုကရေစီကို ကြွေးကြော်သမျှ ဖက်ဒရယ် ရဖို့က သိပ်မသေချာဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံကို ဒီမိုကရေစီ ဘယ်လောက်ပေးပေး၊ ဖက်ဒရယ်မပေးပါက လက်ရှိ နိုင်ငံရေး အခင်းအကျင်းက မလွတ်မြောက်နိုင်ကြောင်း ၎င်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုတွေ့ရစဉ်

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်သကဲ့သို့ ဖက်ဒရယ်ကိုလည်း ကူးပြောင်းသည့် ပြောင်းလဲရေး လုပ်ဆောင်ရ မှာဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အဲဒီလို တိုက်ရိုက်ကြီးတော့လည်း မဟုတ်ပါဘူး။ တစ်ပြိုင်နက်ထဲ သွားရမယ့် ကိစ္စထဲပါ၊ တစ်ခုပြီးမှ တစ်ခုလည်း မဟုတ်ဘူး။ တစ်ပြိုင်နက်ထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်သလိုပဲ ဖက်ဒရယ် ကို ကူးပြောင်းတဲ့ ပြုပြင်ပြောင်းလဲရေးလည်း လုပ်သွားရမှာပဲဗျ၊ ကျနော့် အမြင်ကတော့ တစ်ပြိုင်နက်ထဲ ဖြစ်ပေါ် မှုလို့ ယူဆပါတယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု သို့မဟုတ် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စသဖြင့် မည်သည့် ဒီဇိုင်းပုံစံမျိုးဖြင့် တည် ဆောက်မလဲ ဆွေးနွေးငြင်းခုံနေကြသည်။

ထို့အတူ ဗမာပြည်နယ် ဖွဲ့စည်းရေးအတွက် တိုင်းရင်းသား အင်အားစုအချို့မှ တင်ပြမှုများ ရှိသလို အခြား တစ်ဖက် မှာလည်း ရှမ်းနီ၊ ပအိုဝ်း၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့ကလည်း ပြည်နယ်သစ်များ ဖွဲ့စည်း‌‌‌ပေးရန် တောင်းဆိုမှု များ ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။