CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆
လက်နက်ကိုင်အဖွဲ့အစည်းများအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်စေရန် ဆွေးနွေးပွဲများ ပြုလုပ်ရန်လို ကြောင်း NCA ထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင်အဖွဲ့များအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် တွန်းအားပေးဖို့ လိုအပ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဒီမိုကရေစီလမ်းကြောင်းသို့ ရောက်ရှိစေရန် ဆွေးနွေးပွဲများ လုပ်ရန်လိုကြောင်း၊ ထိုဆွေးနွေးပွဲများမှ အဖြေများ ရရှိလာမှသာ နိုင်ငံရေးစားပွဲဝိုင်းမှတဆင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရန်သွားရမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေးကို သုံးသပ်တဲ့အခါမှာ ခေါင်းဆောင်တွေရဲ့ အသီးသီးအမြင်တွေလည်း ရှိနိုင်ပါတယ်၊ ဆိုတော့ ဒီလက်နက်ကိုင်ပြီးတော့မှ တော်လှန်တိုက်ခိုက်နေကြတဲ့ လူတွေကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက် အောင် တွန်းအားပေးကြပါလို့ ဘယ်လောက်ပဲပြောပြော ဆုံးဖြတ်ချက် သေသေချာချာချနိုင်တဲ့ အဖြေတစ်ခု မပေါ် သမျှကတော့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ဖို့အတွက်တော့ ခက်ကြမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် အခုကတိုက်ပွဲက အရပ် ၈ မျက်နှာစလုံးမှာ ဖြစ်နေတဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေ ဘက်က လည်း အတိုင်းအတာ တစ်ခုထိကို ခရီးပေါက်ရောက်နေတဲ့ အနေအထား ဖြစ်နေတော့ တစ်ခါတည်းနဲ့ လက်နက် စွန့်ပြီးတော့မှ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်လုပ်မယ် ဆိုတာမျိုးကတော့ အတိုင်းအတာ တစ်ခု တော့ ခက်ပါလိမ့်မယ်၊ အခုက နိုင်ငံရေးဘောင်က တအားကျဥ်းသွား ပြီးတော့မှ စစ်ရေးဘောင်က တအားကျယ် သွားတယ်၊ အဲလိုအနေအထားမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်အောင်တွန်းအားပေးပါလို့ ဆိုတဲ့ကိစ္စက တော့ သာမန်ပုဂ္ဂိုလ်တွေက လုပ်လို့ရနိုင်တဲ့ အနေအထား မရှိဘူးလို့ ကျမမြင်တယ်၊ ပဋိပက္ခဖြစ်နေတဲ့ ပုဂ္ဂိုလ် အချင်းချင်းက ညီညွတ်အောင်ထိ ဆွေးနွေးရမှာ ဖြစ်တယ်၊ ခဏလေး ဆွေးနွေးပြီးတော့ နားလိုက် အဲလိုပုံစံမျိုးနဲ့ တော့ မရဘူး၊ ဆွေးနွေးပွဲက တကယ့်ကို လိမ့်ပတ်လည်အောင် ဆွေးနွေးပြီးတော့မှ အဖြေရှာရမယ်၊ အဖြေရလာတဲ့ အခါမှပဲ နိုင်ငံရေးရဲ့ စားပွဲဝိုင်းကို၊ စားပွဲဝိုင်းကတဆင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်အောင် သွားရလိမ့် မယ်လို့တော့ ကျမထင်တယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖြစ်ချင်သည်များ၊ ဖြစ်သင့် သည်များအား ချင့်ချိန်စဥ်းစားပြီး ပြည်ထောင်စုအကျိုးအား မျှော်ကိုးကာ ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက် သင့်သည်ဟု ပြောကြားခဲ့သည်။
နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် ရပ်တည်ချက်များအား ပုံသေမကိုင်ထားဘဲ ထပ်တူကျနိုင်သော လမ်းကြောင်း တစ်ခုသို့ ရောက်အောင်သွားရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ခရစ္စမတ်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “နစကဥက္ကဋ္ဌ မျှော်မှန်းတဲ့ ဒီမိုကရေစီကို အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ လိုက်ပါဖို့ လွယ်မလွယ် ဆိုတာကတော့ လက်ရှိ ပဋိပက္ခ ဘယ်လောက်မြင့်သလဲဆိုတာနဲ့ သုံးသပ်ရင် အဖြေရမယ်ထင်တယ်၊ အဲသလို ဆိုရင်တော့ဖြင့် နစကဥက္ကဋ္ဌ ပြောသလို လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လိုက်ပါလာကြမှာပေါ့၊ အခု မလိုက် ပါကြဘူးဆိုရင် သူမျှော်မှန်းတဲ့လမ်းစဥ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ မျှော်မှန်းတဲ့လမ်းစဥ် ထပ်တူမကျသေးလို့ ဖြစ်မှာပေါ့ဗျာ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဘာကိုမျှော်မှန်းနေကြတယ်၊ ဘာတွေကို ဖြတ်သန်းနေကြ တယ်၊ အဲတော့ သူတို့မျှော်မှန်းချက်နဲ့ ထပ်တူကြအောင် ကိုယ်က ရွှေ့ပေးနိုင်မှာလား ဒါလေးကို ကိုယ့်ဘက်က စဥ်းစားရမှာပေါ့ဗျာ၊ အဲတော့ ကိုယ့်ရပ်တည်ချက်ကို အသေကိုင်လို့တော့ဖြင့် ဘယ်ဘက်ကမှ ရမှာမဟုတ်ဘူး၊ နစကဥက္ကဋ္ဌက သူ့ရပ်တည်ချက်ကို အသေပေါ့ဗျာ ပုံသေကိုင်ထားတယ်ဆိုရင် တစ်ဖက်ကလည်း သူ့ရဲ့ရပ်တည် ချက်၊ သူ့ရဲ့ မျှော်မှန်းချက်ကို ပုံသေပေါ့ဗျာ ကိုင်ထားတယ်ဆိုရင် ဘယ်လိုမှ ထပ်တူကျမှာ မဟုတ်ဘူး၊ နှစ်ဖက်လုံး က ထပ်တူကျနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ရောက်အောင်သွားမှပဲ ထပ်တူကျမှာပေါ့၊ အဲတော့ ဒီမိုကရေစီလို့ ပြောတယ်ဆိုရင် ဒီမိုကရေစီဆိုတာကို ကိုယ့်ဘက်က ဘယ်လောက်ထိ ဒီမိုကရေစီ ယဥ်ကျေးမှုထဲကို ရောက်နေပြီ လဲ၊ အဲတာကိုယ့်ကိုယ်ကို သုံးသပ်ရမှာပေါ့” ဟု ပြောသည်။
အတူယှဉ်တွဲနေထိုင်ကြသည့် လူ့အဖွဲ့အစည်း တစ်ခုအတွင်းတွင် ကြုံတွေ့လာသည့် ပြဿနာများကို ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် အပြောင်းအလဲများအား ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် တွင် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် မြန်မာ့တပ်မတော် မရှိလျှင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမည့် တိုင်းပြည်မဟုတ် ကြောင်း ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁ ရက်တွင် ၎င်းက ပြောကြားခဲ့သည်။