CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅

ပြည်ပနိုင်ငံအချို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေကြသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က ကျရောက်သည့် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက်ရှိနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများနှင့် ဆူပူ အကြမ်းဖက်မှုများမှာ ဒီမိုကရေစီရေးကို ဆောင်ရွက်နေသည်ဟု ဆိုသူများက မဲမသမာမှုများဖြင့် နိုင်ငံတော် အာဏာကို မတရားသဖြင့်ရယူရန် ဆောင်ရွက်ခဲ့ပြီး ဥပဒေနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျ ဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသောကြောင့်သာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ကာကွယ်နေပါသည်ဟုဆိုသော ပြည်ပနိုင်ငံအချို့ကလည်း ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် လက်နက် ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးအားမြှောက် ပြုလုပ်နေကြပါ သည်။ ၎င်းတို့မှာ မိမိတို့နိုင်ငံအား သူတို့အလိုကျ ခြယ်လှယ်ချုပ်ကိုင်နိုင်ရန်နှင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေပြီး ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ကို အားပေးနေခြင်းပင်ဖြစ်သည် ကို သတိပြုမိကြစေလိုပါသည်”ဟု ပြောသည်။

စည်းလုံးညီညွတ်ခဲ့သည့် နိုင်ငံတော်ကြီးကို နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၂၄ ခုနှစ်ကစ၍ မတရား ကျူးကျော်စစ် သုံးကြိမ်ပြုခဲ့ပြီး သူ့ကျွန်ဘဝကို သွတ်သွင်းခဲ့ကြောင်း၊ ထို့နောက် နယ်ချဲ့တို့သည် တောင်ပေါ်မြေပြန့် တစ်ခုချင်း စီကို ဥပဒေများ ခွဲခြားပြဋ္ဌာန်းပြီး နှစ်ပေါင်း (၁၀၀)ကျော် ရည်ရွယ်ချက်ရှိရှိဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ကြသလို ပြည်မကို အုပ်ချုပ်ရာတွင်လည်း ကွဲပြားခြားနားမှု များပြားအောင် လုပ်ဆောင်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

NUG ၏ ဝန်ကြီးချုပ်နဲ့ PDF တပ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု ပယောဂကြောင့် အချို့တိုင်းရင်းသားများကလည်း အယူဝါဒအမျိုးမျိုးဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ခဲ့သည်မှာ ယနေ့ကာလအထိ ဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

နစကဥက္ကဋ္ဌက “ ယခုလတ်တလော အခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထား ကွဲလွဲပြီး နိုင်ငံနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြု လုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ ဆွဲချနေသည့် မဟုတ်မမှန် လုပ်ကြံ သတင်းများ၊ NUG, CRPH, PDF အစရှိသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်း ဖက် လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြား အသိအမြင်များမှားပြီး ညီညွတ်မှုများ ပြိုကွဲကာ မငြိမ်းမချမ်း ဖြစ်နေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်”ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ ၍ အာဏာရယူခဲ့သည်။

နိုင်ငံရေးပါတီများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ထို့နောက် NLD ခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် (EAOs) များ၊ တက်ကြွလှုပ်ရှားသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)၊ ပြည်‌ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ K3C (KIA-KNPP-KNU-CNF) စသည့် အင်အားစုများကို ဖွဲ့စည်း၍ မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိနေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး ပြည်သူလူထု ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်နိုင်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းများ ကျော်လွှားနိုင်ရေးအတွက် နစကသည် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေး ရန် ဆောင်ရွက်လျက်ရှိနေသည်။

သို့သော် NUG၊ PDF နှင့် လက်နက်ကိုင် အင်အားစုများက နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။