CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က မိမိလက်နက် မိမိလက်ထဲမှာရှိရမည်ဟု ပြောဆိုခြင်း က အမျိုးသားတစ်ရပ် တည်ရှိခွင့်အတွက် လိုအပ်သောကြောင့် သတိ‌ပေးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် မိမိလက်နက် မိမိလက်ထဲ ရှိထားရမည်ဟု TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်ခဲ့သည့် (၆၂) နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့၌ ပြောကြားခဲ့သည်။

ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ပိုင်ခွင့်၊ အမျိုးသားတစ်ရပ် အနေဖြင့် ဆက်လက် တည်ရှိခွင့်အတွက် လက်နက်ကိုင် ထားရန် လိုအပ်ကြောင်း သတိ‌‌ပေးခြင်းသည် တရားမျှတသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းကို တွေ့ရစဉ်

၎င်းက “ပြည်တွင်းစစ် အနှစ် ၇၀ ကျော် ဖြတ်သန်းနေရတဲ့ တိုင်းပြည်မှာ အမျိုးသားတစ်ရပ်အဖြစ် ရပ်တည်တိုက်ပွဲ ဝင်နေရတဲ့ တအာင်းအမျိုးသားတွေအနေနဲ့ သူတို့ တအာင်းအမျိုးသားတွေ တည်ရှိမှုကို အသိအမှတ်ပြုဖို့ သူတို့ တစ်တွေရဲ့ လွတ်လပ်ခွင့်နဲ့ သူတို့တစ်တွေရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အတွက် တိုက်ပွဲဝင်ရင်း မျိုးဆက်ပေါင်း များစွာ တန်ဖိုး‌ပေးခဲ့ကြရပြီးပြီ၊ အဲဒီလိုလူမျိုး တစ်ရပ်အနေနဲ့ သူ့လူမျိုးတည်ရှိခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ် ပိုင်ခွင့်အတွက် ဒီလိုတိုင်းပြည်မှာ လက်နက်ကိုင်မထားလို့ရှိရင် မဖြစ်ဘူး၊ လက်နက်ကိုင်ထားတဲ့ သူတွေကသာ သမိုင်းကို ထင်သလိုကြီးစိုး ဆုံးဖြတ်လေ့ရှိတယ်ဆိုတဲ့ အတွေ့အကြုံအရ သူတို့ဒီစကားကို ပြောတာဖြစ်ပါတယ်၊ အဲတော့ သူတို့အမျိုးသား လွတ်လပ်စွာ ရပ်တည်ခွင့် ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ပိုင်ခွင့် အမျိုးသားတစ်ရပ်အနေနဲ့ ဆက်လက် တည်ရှိခွင့်အတွက် ဒီလိုစစ်အာဏာရှင်စနစ် အကြိမ်ကြိမ် သိမ်းပိုက်ပြီးတော့ လက်နက်ရှိတဲ့သူ စစ်တပ် ကြီးကြီးမားမား ပိုင်ဆိုင်သူက တိုင်းပြည်ကို ထင်သလိုခြယ်လှယ်နေတဲ့ တိုင်းပြည်မှာ အမျိုးသားတစ်ရပ် တည်ရှိ ခွင့်အတွက် သူက လက်နက်ကိုင်ထားဖို့ လိုအပ်တယ်လို့ သူ့လူထုကို သတိပေးလိုက်တာဟာ အလွန်မှန်ကန် တရားမျှတတဲ့ သဘောထားနဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်”ဟု ပြောသည်။ 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်နက်ကိုင်များ အနေဖြင့် လက်နက်စွန့်ကြရန်၊ လက်နက်ကိုင် တိုက်ခိုက်ရေးနည်းဖြင့် မိမိဆန္ဒကို တောင်းဆိုခြင်းအား လိုက်လျောမည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲဝင်၍ လွှတ်တော်အတွင်းကနေ မိမိဆန္ဒကို တရားဥပဒေအရ တောင်းဆိုကြရန် ပြောကြားထား သည်။ 

မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် မိမိလက်နက် မိမိလက်ထဲရှိထားရမှာ ဖြစ်သလို ပြောင်းလဲလာသည့် ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်းနှင့်အတူ အိမ်နီးချင်းနိုင်ငံများ၏ စေ့စပ်လှုံ့ဆော်မှုများမှတဆင့် ပေါ်ပေါက်လာမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လည်း အမြဲအဆင်သင့်ရှိနေကြောင်း ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားခဲ့ သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း ကရင့်လက်နက် ကရင်လက်ထဲမှာသာ ရှိရမည်ဟု မူဝါဒ ချမှတ်ထား သည်။

နစကဥက္ကဋ္ဌနဲ့ TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

TNLA အနေဖြင့် ယခင်တုန်းက အပစ်အခတ်ရပ်စဲခဲ့ဖူးပြီး နိုင်ငံရေးကိစ္စများအား ဆွေးနွေးခြင်း မရှိသောကြောင့် ပြန်၍လက်နက်ကိုင်ရခြင်းဖြစ်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှ‌ကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ်တော့ တအာင်းက ဒီလိုဗျ၊ သူတို့အစောပိုင်းတုန်းက လက်နက်ချဖူးတယ်ဗျ၊ ဦးသိန်းစိန်တို့ လက်ထက်တုန်းကလေ လက်နက်ချပြီးတော့ နိုင်ငံရေးကိစ္စကို ပြီးမှဖြေရှင်းမယ်ပေါ့၊ လက်နက်ချတာတော့ မဟုတ်ဘူးပေါ့ဗျာ၊ အပစ်အခတ်ရပ်စဲတာပေါ့၊ အပစ်အခတ် ရပ်စဲပြီးတော့ နိုင်ငံရေးကိစ္စကို နောက်မှ ဆွေးနွေးမယ် ဆို‌ပြီးတော့ တကယ့်တကယ် ဘာမှမဆွေးနွေးလို့ သူတို့က ပြန်လက်နက်ကိုင်လာရတာဗျ၊ နောက်ပြီးတော့ အခု တိုင်းရင်းသားတွေရဲ့ အတွေးအခေါ်က ဒီလိုဖြစ်သွားပြီလေ၊ အရင်တုန်းက သူတို့ ‌ဒေသလေး တစ်ခုပဲ လွတ်မြောက် ရင် ပြီးရောလို့ သတ်မှတ်တာပေါ့၊ အခုကျတော့ ကိုယ့်ဒေသလေးပဲ လွတ်မြောက်လို့မဖြစ်ဘူး၊ ဗမာတွေပါ အားလုံး လွတ်မြောက်မှ ဖြစ်မယ်ဆိုတဲ့ အတွေးအခေါ် ကျသွားပြီဗျ၊ ဒါကြောင့်မို့လို့ သူတို့က စစ်အုပ်စု ပျက်သုဥ်းရေးအထိ ဆက်သွားမယ်ဆိုတဲ့ သဘောမျိုးပါ ပြောထားတာ ဖြစ်တယ်၊ မှန်လည်းမှန်ပါတယ် ဒီဟာ” ဟု ပြောသည်။

TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ္မတူ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွက်ခိုင်၊ နမ့်ခမ်း၊ မိုင်းလုံ စသည့် မြို့နယ်များကို ထိန်းချုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ဖော်ဆောင်ခဲ့ပြီးနောက် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုမြို့နယ်များအား ဆက်လက် ထိန်းချုပ်ခဲ့သည်။

အဆိုပါ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် TNLA က တရုတ်၏စေ့စပ်ညှိနှိုင်းမှုအရ မြန်မာ့တပ်မတော် နှင့် တွေ့ဆုံဆွေးနွေးသွားရန် ဆန္ဒရှိကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည်။ သို့သော် ယခုအချိန်ထိ တွေ့ဆုံ ဆွေးနွေးမှု မပေါ်ပေါက်သေးကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ လက်နက်ကိုင်တပ်ဖွဲ့များ ထူထောင်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် တိုက်ခိုက်လျက်ရှိနေသည်။

ထို့နောက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။