CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
အာရက္ခတပ်တော်(AA)မှ ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ပြီးပါက ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်သို့ ခိုအောင်းသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖော်ပြခဲ့သည့် ရိုက်တာ၏ သတင်းအစီရင်ခံစာအရ မွတ်ဆလင် လက်နက်ကိုင် များ၏ အဓိကရန်သူမှာ အာရက္ခတပ်တော်(AA)ဖြစ်ပြီး မြန်မာစစ်တပ် မဟုတ်ကြောင်း မွတ်ဆလင် တပ်သား တစ်ဦးက ပြောဆိုထားသည်ကို တွေ့ရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အဲဒီအဖွဲ့တွေက စစ်ကောင်စီက မြှောက်ပေးလို့ AA ကို ပြန်တိုက်နေ ကြတာ။
နဂိုကတည်းက သူတို့က လမ်းဘေးရောက်နေတဲ့ အဖွဲ့အစည်းတွေ။
ဒါကြောင့်မို့လို့ ရခိုင်တစ်ပြည်လုံးကို ရက္ခိုင့်တပ်တော် သိမ်းပြီးပြီဆိုရင်တော့ အဲဒီအဖွဲ့အစည်းတွေလည်း ဘင်္ဂလားဒေ့ရှ် တစ်နေရာရာမှာသွားပြီး ခိုအောင်းနေကြမယ့်၊ ခိုလှုံနေကြမယ့် သဘောပါပဲ။
ARSA တပ်ဖွဲ့ကို တွေ့ရစဉ်
အင်နဲ့အားနဲ့ ရပ်တည်နိုင်စရာ အကြောင်းမရှိပါဘူး” ဟု ပြော သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ တကျော့ပြန် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် AA တို့အကြား ရခိုင်ပြည်နယ်တိုက်ပွဲတွင် ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင်များ တစ်စတစ်စ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဘူးသီးတောင်၊ မောင်တောဒေသတွင် လှုပ်ရှားနေသော မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် RSO, ARSA, ARA တို့ကို ရှင်းလင်းနေရကြောင်း AA မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်ထားသည်။
မေယုတောင်တန်းပေါ်တွင် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ RSO, ARSA, ARA တို့သည် အခိုင်အမာ တပ်ဆွဲပုန်းခိုလျက်ရှိပြီး မွတ်ဆလင်ပြည်သူများ အပါအဝင် ဒေသခံပြည်သူများအပေါ်၌ ဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်း၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်းတို့ ကျူးလွန်နေကြောင်း AA က ထုတ်ပြန်ထားသည်။
ထိုအဖွဲ့များသည် ပေါ်လာ၍ရသကဲ့သို့ ပျောက်သွား၍ရကြောင်း၊ နောက်ကွယ်တွင် ကြိုးဆွဲနေသည့် အဖွဲ့အစည်း မှာ အဓိကဖြစ်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တွေ့ရစဉ်
၎င်းက “ဒီပေါ်လာတာတွေက ပေါ်လာလို့ရသလို ပျောက်သွားလို့လည်း ရပါတယ်။ ဒါတွေက အဓိက,က နောက်က ကြိုးဆွဲနေတဲ့ အဖွဲ့အစည်းတွေက အဓိကပါ။ ဒါကြောင့် ကြိုးဆွဲနေတဲ့ အဖွဲ့အစည်းဟာ လက်ရှိ နစက,က တပ်မတော် အင်အားနည်းနေတဲ့အပေါ်မှာ ရတဲ့လူတွေကို ရသလိုဆွဲထုတ်ပြီးတော့ အသုံးပြုတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမာခံကျောရိုးတော့ မဟုတ်ပါဘူး။ တပ်မတော်ရဲ့ သမိုင်းမှာ ၁၉၇၂ ကတည်းက ကျနော် တောခိုလာတဲ့ အချိန်မှာ တောထဲမှာကျနော်တို့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ မြန်မာ့တပ်မတော်လို့ဆိုတဲ့ အင်အားထဲမှာ အများစုက ချင်းတွေ အများဆုံးပါတယ်။ ရခိုင်တွေ အများဆုံးပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ကျောရိုးက ချင်း၊ ရခိုင်၊ နောက်ပြီးတော့ အညာဒေသ ဗမာလူမျိုးတွေ ဖြစ်တယ်။ အဲဒီကျောရိုးတွေထဲမှာ ကျနော်တို့ ချင်းကလည်း တပ်မတော်ရဲ့ ကျောရိုးကနေ ထွက်သွားပြီး ပြန်လည်ဆန့်ကျင်နေတယ်။ ရခိုင်ကလည်း တပ်မတော် ကျောရိုး ဖြစ်ခဲ့ပေမယ့် အခုဆို ပြန်လည်ဆန့်ကျင်နေတယ်။ ဒီလိုအမာခံကျောရိုးတွေ ဆန့်ကျင်သွားတဲ့ အခါကြတော့ ပိုပြီးတော့ တပ်မတော်ရဲ့ စွမ်းရည်က ကျသွားတယ်လို့ ပြောနိုင်တယ်။ တစ်ဖက်ကလည်း နဂိုကတည်းက စစ်အရည်အချင်းရှိတဲ့ ချင်းတွေ၊ ရခိုင်တွေက သူတို့ရဲ့ မျိုးချစ်စိတ်နဲ့ သူတို့စိတ်ဓာတ်နဲ့ စစ်ရေးလှုပ်ရှားတဲ့အခါ ထိရောက်မှု ပိုရတယ်လို့ မြင်ပါတယ်။ အဲဒီလိုရလာတဲ့အပေါ်မှာ စစ်ရေးက အဖြေမဟုတ်တဲ့အတွက် နိုင်ငံရေးအရ အဖြေရှာတာက နောက်ဆုံးရောက်လာမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
ရိုက်တာသတင်းဌာနမှ အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်နေသည့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်ရှိ မွတ်ဆလင်ဒုက္ခသည် စခန်းများထဲက တပ်သား ထောင်ဂဏန်းအထိ စုဆောင်း ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ၏ နယ်နိမိတ်ကို ဖဲ့ယူ၍ နိုင်ငံသစ်တစ်ခုကို ဖော်ဆောင်ရန် လူဖြူနိုင်ငံကြီး တစ်နိုင်ငံ က ကြိုးပမ်းနေသည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။