CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့များ၌ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA လှုပ်ရှားမှု များလာသည့်အပေါ် AA ကိုင်တွယ် ဖြေရှင်းနိုင်မလားဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက မေးခွန်းထုတ်လာကြသည်။
လက်ရှိတွင် AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသအနက် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့တို့တွင် ARSA ၏ တိုက်ခိုက်မှုများသည် ၂၀၂၅ ခုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း၊ မေလမှ အောက်တိုဘာလအတွင်း ARSA ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၅၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း ရခိုင်သတင်း ဌာနများက ဖော်ပြထားသည်။
ARSA သည် ရခိုင်ပြည်နယ်၌ ၂၀၂၅ ခုနှစ်အတွင်း ယခင်ကထက် ပိုမိုလှုပ်ရှားလာနေခြင်းဖြစ်ပြီး အရပ်သားများ ကိုသာ အဓိက ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
AA အနေဖြင့် တရားဝင် အစိုးရတစ်ရပ် မဟုတ်သည့်အတွက် မြေပြင်တွင် ဖြစ်နေသည့် ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ARSA ကို တွေ့ရစဉ်
၎င်းက “တိုတိုနဲ့ လိုရင်းပြောရရင်တော့ AA က သူ့ဘာသာသူ ဘယ်လိုပဲ သူ့ကိုယ်သူ ထင်မြင်ယူဆထားပါစေ တရားဝင် အစိုးရတစ်ရပ် မဟုတ်ဘူးဆိုတဲ့ အချက်ကို နံပါတ်(၁) သတိပြုဖို့ လိုတယ်။ တရားဝင် အစိုးရတစ်ရပ် မဟုတ်တဲ့ အတွက်ကြောင့် သူ့မှာ ခုနကပြောတဲ့ မြေပြင်မှာဖြစ်နေတဲ့ ပြဿနာတွေကို သူ ကိုင်တွယ် ဖြေရှင်းနိုင် တာမရှိဘူး။ အဲဒါသည် သူအဓိက အကြီးဆုံး ရင်ဆိုင်ရမယ့်ပြဿနာ။ သူ့ဘာသာသူ ဘယ်လိုပဲ နယ်မြေတွေ သိမ်းပိုက်တယ်ပဲပြောပြော၊ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ရေး ထူထောင်တယ်ပဲပြောပြော၊ လက်ရှိမှာ တကယ် တမ်း အဲဒီအခြေအနေတွေကို အဆင်ပြေပြေ လည်ပတ်နိုင်စွမ်းရှိရဲ့လား၊ လုပ်နိုင်စွမ်း ရှိရဲ့လားဆိုတာ သူ့ကိုယ်သူ ပြန်မေးဖို့လိုတယ်။ အဲဒီလုပ်ဆောင်တဲ့ အစွမ်းအဆ မရှိခြင်းကလည်း သူ့ရဲ့ အကြီးမားဆုံး ပြဿနာဖြစ်လာမှာ” ဟု ပြောသည်။
ARSA၊ ARSO တို့သည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)၏ အကူအညီကို အပြည့်အဝ ရယူပြီး နတ်မြစ်နှင့် မေယုတောင်တန်း လမ်းကြောင်းများမှတဆင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းကို စိမ့်ဝင်ရောက်နေ ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ARSA လှုပ်ရှားနေသည့် နယ်မြေဒေသသည် AA မှ ထိန်းချုပ်ထားခြင်းဖြစ်ပြီး ဗဟိုအစိုးရ၏ ထိန်းချုပ်ကွပ်ကွဲမှုအောက်၌ မရှိသောကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လာကြောင်း နိုင်ငံရေးအကဲခတ်သူအချို့က ထောက်ပြကြသည်။
AA အနေဖြင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရကို ARSA၊ ARSO တို့၏ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နှစ်ဖက် ပြေလည်မှု ရရှိစေရန် နည်းလမ်းများအား ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်မှုမျိုးကို ဦးစားပေး လုပ်ဆောင်သင့် ကြောင်းလည်း ပြီးခဲ့သည့် လပိုင်းက အကြံပြု တိုက်တွန်းထားသော်လည်း ထူးခြားမှု မရှိသေးပေ။

ARSA ကို တွေ့ရစဉ်
AA အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်တစ်လျှောက်လုံးကို အုပ်ချုပ်နေသည်ဆိုသော်လည်း နယ်နိမိတ် ကျယ်ဝန်းမှုကြောင့် ပြည်သူအားလုံးကို အကာအကွယ်ပေးရန်မှာ အခက်အခဲဖြစ်ကြောင်း၊ ၎င်းတို့မှာရှိသည့် စွမ်းဆောင်ရည်ဖြင့် အရေးယူ ဆောင်ရွက်ပေးခြင်းမျိုး ရှိနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ် (UNA) မှ ဦးမျိုးကျော် CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီမှာကတော့ သူတို့ တိုက်ခိုက်တယ်ဆိုတာကတော့ အခုက အရပ်ဖက် ပြည်သူတွေကို ပစ်မှတ်ထား ပြီးတော့ပေါ့။ သတင်းတွေမှာလည်း တွေ့ပါတယ်။ နယ်တွေမှာက နယ်စပ်တစ်လျှောက် အကုန်လုံးကို အာရက္ခ တပ်တော် အနေနဲ့လည်း အုပ်ချုပ် နေတယ်ဆိုပေမယ့် အကုန်လုံးကိုတော့ ပြည်သူတစ်ရပ်လုံးကိုတော့ အကာ အကွယ် ပေးဖို့အတွက် အခက်အခဲဖြစ်တယ်။ နောက်ပြီးတော့ border နယ်နိမိတ် ဆက်စပ်နေတဲ့ နယ်မြေက လည်း ကျယ်ဝန်းတယ်လေ။ အဲဒီတော့ ဒီဟာတွေမှာ အလစ်ချောင်းပြီးတော့ မသမာမှုတွေ၊ ပြောရရင် ဝင်စီးတာ တွေ၊ ရွာသားတွေကို နှိပ်စက်တာတွေ၊ သတ်တာတွေ ဒါမျိုးတွေကတော့ ရှိနေမှာပဲ။ ဒါကတော့ အကြမ်းဖက်တွေရဲ့ လုပ်ရပ်ပဲဖြစ်တယ်။ အဲဒါကြောင့် အာရက္ခတပ်တော်လည်း ဒီဟာကို သူတို့မှာရှိတဲ့ စွမ်းရည်နဲ့သူတို့ အရေးယူတာ ဆောင်ရွက်ပေးတာရှိမယ်” ဟု ပြောသည်။
လက်ရှိတွင် အရပ်သားများကို ARSA၊ ARSO တို့က ခြိမ်းခြောက်နေသဖြင့် နယ်စပ်ရှိ ပြည်သူများ တောတောင်ထဲ နှင့် လူပြတ်သည့် နေရာများသို့ သွားလာချိန် တစ်ဦးတည်း (သို့မဟုတ်) လူအနည်းစုဖြင့် သွားလာမှုကို တတ်နိုင် သမျှ မပြုလုပ်ကြရန် အာရက္ခတပ်တော်(AA)က သတိပေးထားသည်။
မဖြစ်မနေ သွားလာစရာရှိပါက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိရာ အနီးစပ်ဆုံး နေရာများ၌ သတင်းပေးပို့ပြီးမှ သွားလာကြရန်လည်း ၎င်းက သတိပေးထားသကဲ့သို့ ARSA၊ ARSO တို့ကို လိုက်လံရှင်းလင်းနေကြောင်း သတင်းထုတ်ပြန်ထားသည်။
ARSA ကလည်း မိမိတို့သည် ရခိုင်ပြည်နယ်ကို သိမ်းပိုက်ထိန်းချုပ်မည်ဟု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန် ပြောကြားထားသည်။
 
	    	  	
	    	       
	    
	  	   
			 
		 
			 
                        
