CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃

နိုင်ငံရေးအရ နေရာတစ်ခုကို ယူရန် ကြိုတင်ပြင်ဆင်ထားသည့်အတွက် ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်(BPLA)ကို ဖွဲ့စည်းခဲ့ခြင်းဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

BPLA သည် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်က ဖွဲ့စည်းခဲ့သော လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း၊ တစ်နှစ်ပြည့် အခမ်းအနားကို လွှတ်မြောက် နယ်မြေ တစ်ခုမှာ ကျင်းပခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သဝဏ်လွှာများ ပေးပို့ခဲ့ကြ သည်။

ဦးသိန်းထွန်းဦးက “အဓိကကတော့ ပြည်တွင်းမှာ နောက်ထပ် ထပ်ပြီးတော့ ဘယ်လိုခေါ်မလဲ အလုပ်လုပ်လို့ရမယ့် EAO နောက်တစ်ဖွဲ့ ထပ်ပေါ်စေချင်တဲ့ သဘောတရားလို့ ကျနော်တို့ မြင်တယ်၊ ဒါက ဖွဲ့ထားခြင်းအားဖြင့် တစ်ချိန်ချိန်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ စကားပြောတာတို့၊ သူတို့ အဲလောက်အထိ မျှော်လင့်ထားပုံရတယ်၊ အဲအတွက် ကြိုပြီး လုပ်ထားတာမျိုးလို့ သုံးသပ်ပါတယ်။ တကယ်တမ်းကြတော့ ဒီအဖွဲ့ဟာ ဘယ်လောက်မှလည်း သိပ်ထူးထူးခြားခြား တက် တက်ကြွကြွ ရှိတာ မဟုတ်ဘူး၊ ဆိုလိုတာကတော့လေ စာရွက်နဲ့ သူတို့ မီဒီယာအရ ဝါဒဖြန့်ဘာညာတော့ အများကြီး ရှိ ကောင်း ရှိနိုင်ပါတယ်။ အမှန်စင်စစ်ကတော့ နိုင်ငံရေးအရ နေရာ တစ်ခုခုကို ယူဖို့အတွက် ကြိုပြီး ပြင်ဆင်ထားတဲ့ သဘောလို့ သုံးသပ်တယ်” ဟု ပြောသည်။

BPLA နဲ့ AA တပ်သားကို တွေ့ရစဉ်(BPLA)

BPLA အနေဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ သို့သော်လည်း နစက အနေဖြင့် ၎င်းအဖွဲ့ ကို EAO အဖြစ် သတ်မှတ်မှာ မဟုတ်ကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။

BPLA ၏ နိုင်ငံရေး၊ စစ်ရေး၊ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် မိမိတို့ ညီနောင်မဟာ မိတ်(၃)ဖွဲ့မှ တတ်နိုင်သရွေ့ ပံ့ပိုးဝန်းရံသွားမည်ဖြစ်ကြောင်း BPLA ၏ တစ်နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားသို့ AA၊ TNLA၊ MNDAA တို့၏ ပူးတွဲပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဗမာလူမျိုးကိုယ်စားပြု တော်လှန်ရေး အဖွဲ့အစည်းကို တော်လှန်ရေး လက်နက်ကိုင် အများစုက ထောက်ခံနေခြင်းမှာ ပြိုကွဲ ရေးကို ဦးတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

BPLA တပ်သားများကိုတွေ့ရစဉ်(BPLA)

ဦးရဲထွန်းက “အဲဒီ ခုနပြောတဲ့ ကွဲထွက်ရေးကို ဦးတည်နေလို့ အဲလိုဖြစ်တဲ့ အခါကြတော့ သူက ဘယ်လို ဖြစ်လာနိုင်တုန်းဆို တော့ ဗမာပြည်နယ် ဆိုတာကလည်း သပ်သပ်၊ ရှမ်းပြည်နယ် ဆိုတာကလည်း သပ်သပ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဆိုတာ က သပ်သပ် ဆိုပြီးတော့ အဲလိုဖြစ်တဲ့ အခါကြတော့ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတုန်းက ယက်ဆင်က သူ့ဒီ ရုရှားသမ္မတနိုင်ငံ က ငါတို့ ဆိုဗီယက်ယူနီယံကြီးမှာ မပါတော့ဘူးကွာဆိုပြီး သူက စပြီးတော့ ဦးဆောင်ပြီး ဟိုဟာဖြစ်လိုက်တဲ့ အခါကြတော့ အကုန်လုံး ကျန်တဲ့ အငယ်လေးတွေကပါ၊ ဟုတ်တယ်ဟေးဆိုပြီး ပြိုကွဲသွားတာပေါ့ဗျာ၊ အဲပြိုကွဲရေးအတွက် ဗမာပြည်နယ် ဆိုတဲ့ ဟာမျိုး၊ ဗမာ့တပ်မတော်၊ ဗမာပြည်နယ်ဆိုတာမျိုး ပေါ်လာလို့ရှိရင် ပိုပြီးတော့ လွယ်သွားတာပေါ့” ဟု ပြောသည်။

BPLA ၏ တစ်နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် AA တပ်ဖွဲ့ဝင်တချို့ တက်ရောက်ခဲ့သလို၊ တခြားသော တော်လှန်ရေး အဖွဲ့စည်း အသီးသီးကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

လက်ရှိတွင် BPLA သည် ကရင်ပြည်နယ်တွင် KNLA နှင့်အတူ ပူးတွဲကာ စစ်ရေးလှုပ်ရှားလျက်ရှိသည်။