CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ် လိုလားသလား ဆိုသည့်အပေါ် မေးခွန်းထုတ်စရာများ ရှိနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။  

မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေး ပုံသဏ္ဍာန်မျိုးစုံသည် အဆင်မပြေခဲ့သည် ကို မြင်တွေ့ရကြောင်း၊ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် နည်းနာအသစ်များကို စဥ်းစားလုပ်ဆောင်ရန် လိုအပ် သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေး ခံယူချက်များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေးဖြစ်စဥ် အလုပ် မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး အနေဖြင့် ငြိမ်းချမ်းရေး အမှန် တကယ် လိုလားနေခြင်းလား သို့မဟုတ် မိမိတို့ လတ်တလော ရှင်သန်ရပ်တည်နိုင်ရန်အတွက် ကြိုးပမ်းနေကြခြင်း လား ဆိုသည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။  

လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “နှစ်ချက်ကတော့ ခပ်နုနုနဲ့ ခပ်ပျော့ပျော့ စပြောရရင် အနာနဲ့ ဆေးနဲ့ မတည့်သေးဘူးပေါ့နော်။ တိုင်းရင်း သား လက်နက်ကိုင်တွေက တောင်းဆိုနေတာက သူတို့ တောင်းဆိုတာသည် တကယ့် အနာပျောက်တဲ့ဆေး ဖြစ်ချင်ဖြစ်မှာပေါ့။ တိုင်းရင်းသားဒေသတွေမှာ တကယ်လိုနေတာက ဘာ အဲဒီလိုပဲ သူ့အနာအတွက် ကိုယ့်ဘက် က ပေးနိုင်မယ့်ဟာ ပေးသင့်တဲ့ဆေးက ဘာ။ ပေးသင့်တဲ့ဆေးထက် ပိုပြီးပေးလိုက်ရင်လည်း ဒုက္ခရောက်မယ်။ ပေးသင့်တဲ့ဆေးကျ မပေးနိုင်လည်း ဒုက္ခရောက်မယ်။ ဆိုလိုတဲ့သဘောက အနာနဲ့ဆေးနဲ့ မတည့်သေးဘူး။ အဲဒီ တော့ အနာအကြောင်းကို သိဖို့လိုတယ် ဆေးကတော့ ဘယ်ဆေးဘယ်ဆေး ဘယ်လောက် ပေးနိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကို သိဖို့လိုတယ်။ အဲဒီဟာတွေအပေါ်မှာ စကားပြောဖို့ လိုတယ်ပေါ့။ ဒါက အနိမ့်ဆုံးအချက်ကို ထောက်ပြတာပေါ့။ နောက်တစ်ချက်ဆိုရင်တော့ တကယ်ငြိမ်းချမ်းရေးလိုချင်လို့ လုပ်တာရော ဟုတ်ရဲ့လား ဆိုတဲ့ဟာ သံသယဖြစ်ဖွယ် ကိစ္စတွေရှိတယ်။ ဆိုလိုတာက တိုင်းရင်းသား လက်နက်ကိုင်တွေသည် ငြိမ်းချမ်းရေး လာဆွေးနွေးတာ ငြိမ်းချမ်းရေး တကယ်လိုချင်လို့လား လတ်တလော ရှင်သန် ရပ်တည်ဖို့အတွက် လာပြီးတော့ ဆွေးနွေးတာလား။ အစိုးရဘက်ကလည်းပဲ ငြိမ်းချမ်းရေးကို တကယ်လိုချင်လို့ လုပ်နေတာလား ခုနကပြောသလို တိုင်းပြည်အခြေအနေ မယိမ်းယိုင်သွားအောင် ထိန်းရုံ သပ်သပ်လောက်လေးပဲ ဆိုတာကြီးက နှစ်ဦးနှစ်ဖက်လုံး အတွက်ကတော့ တော်တော် မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်။ ဥပမာဆိုရင် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ က သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့လေ အဲဒီတော့ ပြီးခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးတွေကို အထောက်အပံ့ ပေးနေတဲ့ ကျောင်းတွေ၊ ဆေးရုံဆေး ခန်းတွေပေါ့နော် ဒါတွေ ထိခိုက်တဲ့အထိ လုပ်တာဟာ ငြိမ်းချမ်းရေး တကယ်လိုချင်လို့ တိုင်းပြည် တိုးတက်ချင်လို့ လုပ်တာလားဆိုတာ မေးစရာရှိတယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဘာဖြစ်လို့ တပ်မတော်နဲ့ စစ်တိုက်တာ တပ်မတော်နဲ့ လက်နက်ကိုင် အချင်းချင်းပဲတိုက်တာ ဘာဖြစ်လို့ သာမန် ပြည်သူတွေတောင်မှ တကယ့် အရေးကြီး တဲ့ ကျောင်း၊ ဆေးရုံတို့ ဘာသာရေးဆိုင်ရာ အဆောက်အအုံဟာမျိုးတွေ ထိခိုက်အောင် လုပ်ကြတာသည် ဒါတကယ် ငြိမ်းချမ်းရေး လိုချင်လို့ ဟုတ်ရဲ့လားဆိုတာ မေးစရာရှိလာတယ်” ဟု ပြောသည်။ 

ထို့အပြင် အစိုးရအနေဖြင့်လည်း ငြိမ်းချမ်းရေး ရရှိရေးကို ကြိုးပမ်း လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် တိုင်းရင်း သား ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု‌ ဒေါက်တာမျိုးဆက်သွေးက ထောက်ပြသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး လိုချင်ပါက လာရောက်နိုင် ကြောင်း၊ ငြိမ်းချမ်းရေး ရဖို့ ဘယ်လောက်ကုန်ကုန် လုပ်မည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်များက NCA ထိုးလိုသည့် လက်နက်ကိုင်အဖွဲ့များအား တပ်မတော်နှင့်တိုက်ပွဲ မဖြစ်သည့်အတွက် NCA ထိုးစရာမလိုကြောင်း ပြော၍ ငြင်းဆန်နေမှုများရှိ၍ အပေါ်အောက်ကြား ကွဲပြားခြားနား မှုများ ရှိနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ်

ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသည့် အခါတွင် နှစ်ဖက်အဖွဲ့အစည်းများ အနေဖြင့် တူညီ သည့် ဆုံမှတ်၊ တူညီသည့် ရည်ရွယ်ချက်များရှိမှသာ ငြိမ်းချမ်းရေး ရှေ့ဆက်လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဆိုလိုတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ အစိုးရတစ်ဖက်တည်းက လုပ်ထားတာနဲ့ မပြီးသလို တခြား တစ်ဖက်က အစိုးရကို လက်နက်ကိုင်လမ်းစဉ်အရ တော်လှန်ပုန်ကန်နေတဲ့ အဖွဲ့အစည်းတွေကလည်း ဘယ် လောက်အထိ ပါဝင်ပတ်သက်ဖို့ စိတ်ကူးရှိလဲ။ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိလဲ။ ဒီအပေါ်မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အောင်မြင်ခြင်း၊ နှေးကွေးခြင်း၊ ရှုံးနိမ့်ခြင်း ဒါမျိုးတွေက ပုံစံအမျိုးမျိုး ဖြစ်သွားတာလို့ မြင်တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လိုပဲ တည်ဆောက်သည်ဖြစ်စေ၊ ဘယ်လို ပူးပေါင်း ဆောက်ရွက်သည်ပဲဖြစ်စေ နိုင်ငံတော်မှာ တာဝန်ယူထားတဲ့ အစိုးရတစ်ရပ်ဘက်ကရော၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ ညှိနှိုင်းဖို့ ချိတ်ဆက်ဖို့ ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေပေါ့လေ ဘယ်လို အဖွဲ့ အစည်း ပဲဖြစ်ဖြစ် တူညီတဲ့ လမ်းကြောင်းတစ်ခု တူညီတဲ့ ရည်ရွယ်ချက်တစ်ခု အပေါ်မှာ ဆုံမှတ်အဖြစ် သွားနိုင်ဖို့ လိုအပ်တယ်။ ‌ဆိုလိုတာက အဲဒီဆုံမှတ်အပေါ်မှာ နှစ်ဖက်စလုံးက တူညီပြီးမှ ပထမအဆင့်ကပြီးမှာ။ နောက် တစ်ဆင့်က ကျတော့မှ ရေရှည်မှာ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မယ် ဘယ်လိုဖော်ဆောင်မယ် ဘယ်လို သွားမယ်ဆိုတာ ဒါတွေက ညှိနှိုင်းမှုတွေက အဆင်ဆင့်သွားဖို့ လိုအပ်တယ်။ ဆိုလိုတာက အစကတည်းကိုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ စိတ်ကူးမရှိဘူး၊ လက်နက်ကိုင် လမ်းစဉ်ကိုပဲ ရွေးချယ်မယ်ဆိုတဲ့ အခါမျိုးမှာ အဲ့ဒီ ရှေ့ဆက်ရမယ့် လမ်းကြောင်းက ပြတ်သွားလိမ့်မယ် ဒါပထမအပိုင်း”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရခြင်း၏ ရည်မှန်းချက်သည် လူထုအကျိုးအတွက်ဟု ညွှန်းဆိုကြသော် လည်း လက်တွေ့တွင် ပြည်သူများသာ နစ်နာဆုံးရှုံးနေရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသလို ကျောင်းနေ အရွယ် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်သည် စာသင် ကျောင်းများကို စွန့်ခွာလျက်ရှိသည်။

အလားတူ ငြိမ်းချမ်းရေးကို အစိုးရ အဆက်ဆက် ဖော်ဆောင်သော်လည်း ခွဲခြားဆက်ဆံမှုများနှင့် သွပ်သွင်းခြင်း မူဝါဒများကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည် မဖော်နိုင်ဘဲ လက်နက်ကိုင် ပဋိပက္ခများ ပိုမို ကြီးထွားလာနေခြင်းကို သတိပြုရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။