CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၉
မြန်မာနိုင်ငံတွင် ဘက်အသီးသီးက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဖော်ဆောင်နေခြင်းသည် ထိရောက်မှု ရှိမနေဘဲ ဟန်ပြသဘောမျိုးသာ ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာတော့ ပိုမိုကြီးမား ကျယ်ပြန့်လာကာ လက်နက်ကိုင် အဖွဲ့အစည်း အသစ်များလည်း ရာနှင့်ချီ ပေါ်ပေါက်လာသည်။
ထို့နောက် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခကြားထဲတွင် ပြည်သူလူထု အနေဖြင့် အိုးအိမ်စည်းစိမ်များကို စွန့်ခွာကာ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင် နေကြရသလို အသက်အန္တရာယ် ခြိမ်းခြောက်မှုများလည်း ရင်ဆိုင်နေ ကြရသည်။
လက်ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးသည် အပြုသဘော မဆောင်ဘဲ ဟန်ပြသဘောမျိုးသာ ဖြစ်နေကြောင်း၊ ငြိမ်းချမ်းရေး အရွေ့တစ်ခု ရောက်နိုင်ရန်အတွက် လက်ရှိ အနေအထားထက်ပိုသည့် လုပ်ဆောင်ချက်မျိုး ပြသဖို့ လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လူငယ်များကို တွေ့ရစဉ်
၎င်းက “ပွင့်ပွင့်လင်းလင်း ပြောရရင် ငြိမ်းချမ်းရေးက မလုပ်လို့ မရလို့ ငါတို့ မထူးပါဘူးကွာ လုပ်တော့ လုပ်ပြရ မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တကယ့်တကယ်တမ်း ဖြစ်လာမယ့် ပုံသဏ္ဍန်လို့တောင် မမြင်ဘူး။ ဒါတည့်တည့် ပြော တာပေါ့။ လုပ်နေတာက ဒီအတိုင်းပဲ ခေါ်စရာရှိတာ ခေါ်လိုက်မယ် လာတာမလာတာ သူတို့အပိုင်း။ ဟိုဘက်က လည်း ခေါ်တယ်ဟေ့ဆို ငါတို့ကလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်း ပြီးတော့မှ သူတို့ ဒါတွေကို ငါတို့ တောင်းဆိုတာတွေ မလိုက်လျောလို့ မသွားတာဆိုတဲ့ ဟာမျိုးတွေများ ဖြစ်နေကြသလားပေါ့။ တကယ်လိုချင်တာ မဟုတ်ဘဲနဲ့ ငါတို့က လုပ်ချင်တယ်။ ဟိုဘက်က မလုပ်လို့ဆိုတဲ့ဟာမျိုး အပြစ်ဖို့ လို့ရအောင်လောက်သာ လုပ်နေကြတယ်။ ဟန်ပြသဘောလို့တောင် ကျနော်က မြင်နေတာပေါ့။ အခု လုပ်နေတဲ့ဟာတွေ အကုန်လုံးက ဟန်ပြလို့ပဲ ပြောတဲ့ ဟာက ဘာလို့လဲဆိုတော့ ခေတ်အဆက်ဆက် လုပ်ခဲ့တဲ့ ဟာတွေပဲ။ ငြိမ်းချမ်းရေး ဖိတ်ခေါ်မယ်။ အဲဒါက အစိုးရ တိုင်း လုပ်ခဲ့တဲ့ဟာ အစိုးရအဆက်ဆက် အကုန်လုပ်ခဲ့တဲ့ကိစ္စ။ အစိုးရဘက်ကလည်း ဒီလောက်ပဲ လုပ်တယ်ပေါ့။ ဟိုဘက်ကလည်း ဒါတွေဒါတွေပါမှကျနော်တို့ ပူးပေါင်းထားတဲ့ အဖွဲ့ကို ခေါ်မှတို့ ဘာတို့ တစ်ဦးချင်းဆို မလာနိုင်ဘူးတို့ ဒါမျိုးတွေ ဒီဘက်က ပြန်လုပ်ရ ခက်တဲ့ဟာမျိုးတွေ ခေါ်နေရက်သားနဲ့ မသွားရင် တစ်မျိုးဖြစ်မှာဆိုးတဲ့အတွက် အကြောင်း ပြချက်ကောင်း ပြတဲ့ ပုံစံမျိုးတွေလည်း ဟိုဘက်မှာက ရှိနေတယ်။ ရှေ့မှာတုန်းကလည်း ဒါမျိုးတွေ လုပ်ခဲ့တာ။ ပြောရမယ်ဆိုရင် အလုပ်မဖြစ်တဲ့ဟာကိုပဲ ဆက်လုပ်ပြနေတာ ဖြစ်တဲ့အတွက်ကြောင့် ဟန်ပြလုပ်တယ်လို့ပဲ ခံစားရတယ်။ တကယ့်တကယ် ဖြစ်ချင်တယ်ဆို ဒီထက်ပိုတဲ့ လုပ်ဆောင်ချက်မျိုးတွေ ပြသဖို့လိုတယ်လို့ မြင် တယ်” ဟု ပြောသည်။
ထို့အပြင် အဓိကအားဖြင့် နှစ်ဖက် အဖွဲ့အစည်းများမှ မအောင်မြင်ခဲ့သည့် နည်းနာများကို ဆက်လက် အသုံးပြုနေ ခြင်းကြောင့်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဥ်ကို ပုံစံအသစ်ဖြင့် ချဥ်းကပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးထက်အောင်ကျော်က ဆက်ပြောသည်။
၎င်းက “ဘယ်လိုပုံစံအသစ်နဲ့ ချဉ်းကပ်သင့်လဲဆို အဓိက,က ဆွေးနွေးပွဲ ဖိတ်ခေါ်တာက ဖိတ်ခေါ်တာပဲ။ ဖိတ်ခေါ် တဲ့ အခါမှာလည်း တကယ်ကို ငြိမ်းချမ်းချင်ပါတယ်ဆိုတဲ့ဟာကို ပြသနိုင်တဲ့ ပုံသဏ္ဌာန်မျိုးပေါ့နော် ကျနော်တို့ ဘာလုပ်မှာလဲပေါ့။ ဒီဘက်ကလည်း ပြသရမယ် ဟိုဘက်ကလည်း ပြသရမယ်။ ပြသတယ်ဆိုတဲ့ နေရာမှာ အရှေ့ မှာဖြစ်ခဲ့တဲ့ ပုံစံတင်မကဘဲ ဥပမာ- အခြေခံဥပဒေထဲမှာ ၂၆၁ ရှိတယ် ကိုယ့်ပြည်နယ် ကိုယ့်ဒေသမှာ နိုင်သွားတဲ့ သူကနေ တင်တဲ့အစိုးရပေါ့ ဝန်ကြီးချုပ်ပေါ့။ ဒါမျိုး အစိုးရဖွဲ့တဲ့ဟာမျိုး ၂၆၁ ကို လာမယ့်လွှတ်တော်ထဲမှာ တင်ပြ လိုက်တာမျိုး ဖက်ဒရယ်ဒီမိုကရေစီ ပုံသဏ္ဍာန် ဖော်ဆောင်နိုင်တယ်ဆိုတဲ့ အဟန့်အတားဖြစ်နေတဲ့ အခြေခံဥပဒေ ထဲက အချက်အလက်တွေကို အခုဆိုရင် ကြံ့ခိုင်ရေးက အများစုနိုင်သွားတာ ဖြစ်တဲ့အတွက်ကြောင့် ပြင်မယ်ဆို ပြင်လို့ရတယ်။ တပ်မတော်က ၂၅ ရာခိုင်နှုန်းရယ်၊ ကြံ့ခိုင်ရေးရယ် ပေါင်းလိုက်ရင် နည်းတာမဟုတ်ဘူး။ ပြင်ချင်တဲ့ ဆိုရင် ပြင်လို့ရတယ်။ ငါတို့သည် တကယ်ကို ဖြစ်ချင်နေပါတယ်၊ တကယ်လို လုပ်ချင်နေပါတယ် ဆိုတဲ့ဟာကို ပြသတဲ့အနေနဲ့ ဒါတွေလုပ်ပြမှရမယ်။ လုပ်ပြခြင်း အားဖြင့်က အနည်းဆုံး အခုမလုပ်သေးဘူးဆိုရင်တောင် ဒါတွေ လုပ်ပါမယ် ဒါတွေလုပ်ဖို့အတွက် ပြင်ဆင်နေပါပြီဆိုတဲ့ဟာကို ပြသရင်ရော တစ်ဖက်ကလည်း ဟုတ်လောက်မယ် ထင်တဲ့ဟာမျိုးနဲ့ သူတို့ဘက်ကလည်း ပြန်လည်ပြသဖို့ ဒါဆိုရင်တော့ ကျနော်တို့ ဘယ်လိုပုံစံမျိုးနဲ့ အရင် ဒီဇိုင်း တင် မဟုတ်ဘဲနဲ့ သူတို့ဘက်ကလည်း ရှေ့တစ်လှမ်းတိုးလာဖို့ လိုတယ်။ အဲဒီလိုမျိုးနဲ့ တစ်လှမ်းချင်း တိုးသွားမှာပဲ ကျနော်တို့က နီးစပ်သွားမှာပေါ့နော်။ ဒါကတော့ အစိုးရဘက်ကနေ စပြီးတော့မှ ပြသင့်တယ်လို့ ကျနော်မြင် တာကတော့လေ” ဟု ပြောသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကဏ္ဍလည်း ပါရှိသည်။

အစိုးရနဲ့တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိ အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အပေါ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ယုံကြည်မှု အင်မတန် အားနည်းနေသေးသလို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်လာနိုင်ရန်အတွက် မက်လုံးသေချာ မပေးနိုင်သေးဘူးဟု ယူဆ၍ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာန သို့ ပြောသည်။
၎င်းက “ယုံကြည်မှုပဲ ဆိုတာက ခုနကပြောသလိုပေါ့နော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကနေ ပြီးတော့မှ လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ယုံကြည်မှု အားနည်းနေသေးတယ်လို့ ယူဆလို့ ရတယ်။ အဲဒါကြောင့်လည်း ထင်ထားသလောက် ဖိတ်ခေါ်ထားပေမယ့် မလာတာပေါ့နော်။ အဲဒီလိုပဲ အကြမ်းဖျင်း ပြောရမှာပေါ့။ ပြည်ပအချို့ နိုင်ငံတွေရဲ့ အကူအညီပေါ့ ရှင်းရှင်းပြောရင် တရုတ်ပေါ့ဗျာ။ တရုတ်ကနေပြီးတော့မှ တချို့ ပါဝင်ပတ်သက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတယ်ပေါ့နော်။ အဲဒါတွေကို တရုတ်အနေနဲ့ အပြု သဘောဆောင်ပြီး ပါဝင်ကူညီဖြေရှင်းပေးရင် တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လမ်းစဉ် ဟာ ပိုပြီး အဆင်ပြေနိုင်တယ် အဓိက,က နှစ်ချက်ပေါ့။ အတိုချုံး ပြန်ပြောရရင် တစ်ခုကတော့ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေ ယုံကြည်မှု ပိုလိုအပ်တယ်။ နောက်တစ်ခုက တော့ ပြည်ပနိုင်ငံအချို့ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အကူအညီကို လိုတယ်ပေါ့နော်။ အဓိက,ကတော့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ ယုံကြည်မှုကို ရအောင်ကို ယူဖို့လိုတယ်။ သူတို့ဘာကြောင့်မို့လို့ လက်နက် ကိုင် လမ်းစဉ်ကို အခုချိန်ထိ ကျင့်သုံးရလဲဆိုတဲ့ဟာကို သေချာသိဖို့ လိုတယ်။ သူတို့နဲ့ အပေးအယူ သေသေချာချာ လုပ်နိုင်ဖို့ လိုတယ်ပေါ့နော်။ ဆိုလိုတာက ငါကအစိုးရပဲ၊ ငါက အင်အားကြီးတာပဲ ဆိုပြီးတော့ အပေါ်စီးကပဲ အမြဲ တမ်း စကားပြောမယ် ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ဘူး။ အဓိက,က ခုနကပြောသလို ယုံကြည်မှု မတည် ဆောက် နိုင်သေးတာက အားနည်းချက်၊ နောက်တစ်ခုက ခုနကပြောသလို တကယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်၊ လိုလားချက်ကို ငါးမျှားလို့ရှိရင် ငါးက ငါးစာကို လာဟပ်လောက်တဲ့ ငါးစာမျိုး မချ ပေးနိုင်ဘူး။ ဆိုလိုတာ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ် ရောက်လာလောက်အောင် မက်လုံး မပေးနိုင်သေးဘူး” ဟု ပြောသည်။
လက်ရှိ ပုံမှန်မဟုတ်သည့် နိုင်ငံရေး အခင်းအကျင်းအောက်တွင် အတွေးအခေါ်နှင့် ယူဆချက် အသစ်များ ဖြစ်လာ နိုင်သော်လည်း ပြည်ထောင်စုအကျိုးကို ရှေးရှုကာ ထိတွေ့ဆက်ဆံ နိုင်မည်ဆိုပါက ညှိနှိုင်းအဖြေရှာ၍ ရမည်ဖြစ် ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ အစိုးရ-တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ရာတွင် ခွဲခြားဆက်ဆံခြင်းနှင့် သွပ်သွင်းခြင်း နည်းဗျူဟာထက် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်ရေး လမ်းဖွင့်ပေးခြင်းနှင့် ပေါင်းစည်းခြင်းဆိုသော အခြေအနေကနေ ဖော်ဆောင်သင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
ထို့ပြင် လက်နက်ကိုင် အဖွဲ့အစည်းများဘက်ကလည်း အကြောင်းအမျိုးမျိုးပြ၍ စစ်ဘုရင် ဝါဒထွန်းကားရေး ဖန်တီးနေခြင်းကို ရှောင်ရှားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
