CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆
မြန်မာနိုင်ငံ ဖွံ့ဖြိုးမတိုးတက်ဘဲ နိမ့်ကျနေရခြင်းက နိုင်ငံသားအချင်းချင်း ရန်ဖြစ်နေသောကြောင့် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထား ကွဲလွဲမှုများ မရှိသင့် တော့ဘဲ ငြိမ်းချမ်းစွာနှင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက် သွားကြဖို့ လိုသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။
မြန်မာနိုင်ငံတွင် အချင်းချင်း တစ်ဖက်နှင့်တစ်ဖက် မုန်းတီးပြီး ရန်ဖြစ်နေခြင်းကြောင့် တိုင်းပြည် အခွင့်အလမ်း ကောင်းများ ရှိပါလျက်ဖြင့် မတိုးတက်ဘဲ ဖြစ်နေသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ အနေနဲ့က မြန်မာနိုင်ငံမှာ အမြဲတမ်း ကိုယ့် အချင်းချင်း တစ်ဖက်နဲ့တစ်ဖက် မုန်းတီးပြီးတော့မှ တိုင်းရင်းသားကော၊ ဘာကော အကုန်လုံးရှိသမျှတွေ အားလုံးက အချင်းချင်း ရန်ဖြစ်နေတာက အခုချိန်ထိ တိုင်းပြည်က တိုးတက်နိုင်တဲ့ အခွင့်အလမ်းကောင်းတွေ အခြေအနေကောင်းတွေ ရှိပါရဲ့သားနဲ့ မတိုးတက်နိုင်ဘူး ဖြစ်နေတာပေါ့။ ဆရာဒဂုံတာရာ ပြောခဲ့တဲ့ မုန်းသူမရှိ ချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိဆိုတဲ့ နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတာဆိုတဲ့ဟာကို ကျနော်တို့က လက်ကိုင်ထားပြီးတော့မှ အားလုံးဟာ ကျနော်တို့ ညီအစ်ကို မောင်နှမတွေပဲ အားလုံး တကယ့်ကို ညီညီညွတ်ညွတ်နဲ့ ဒီတိုင်းပြည်ကြီးကို တည်ဆောက်သွားမယ်ဆိုတဲ့ ဟာကိုပဲ အမြဲတမ်း ရှေးရှုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဝန်ကြီးချုပ် ပြောတဲ့ဟာ ကိုတော့ ကျနော်တို့က လက်ခံပါတယ်။ အကုန်လုံး ဘက်အသီးသီးက အကုန်လုံး ရိုးသားရမှာပေါ့။ တိုင်းပြည် တိုးတက်ဖို့ တစ်ခုတည်းကို ဦးတည်ပြီးတော့မှ တကယ့်ကို မေတ္တာနိုင်ငံရေးကို သွားပြီ ဘာမှ သဘောထား ကွဲလွဲမှု မရှိသင့်ဘူး။ ငါတို့အချင်းချင်း ညီအစ်ကို မောင်နှမတွေပဲ သေသေချာချာ ဦးတည်ပြီး သွားကြတော့မယ်ဆိုတဲ့ မေတ္တာနိုင်ငံရေးကို သွားပြီဆိုရင် တစ်ဘက်ထဲကို အတင်းရိုးသားရမယ်လို့ ပြောလို့မရဘူးလေ”ဟု ပြောသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးသဘောထားများ ကွဲလွဲ၍ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ထိတိုင် နှစ်ပေါင်း ၇၀ ကျော်သည့်အထိ မဖြေ ရှင်းနိုင်သေးဘဲ ဖြစ်နေသည်။
ကိုယ်ပြောနေက တိုင်းရင်းသားအရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဟု ပြောနေသော်လည်း ဦးတည်ချက်က တခြား ဖြစ်နေလျှင် အောင်မြင်နိုင်စရာ အကြောင်းမရှိဘူးဟု သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “နိုင်ငံရေး ကွဲလွဲမှုနဲ့ ပက်သက်နေတဲ့ အဖွဲ့အစည်းတွေ အကုန်လုံး ကိုယ့်ဒေသကို ကိုယ်ဘယ်လို လုပ်ချင် တာတို့၊ ဖွံ့ဖြိုးတာတို့ ပြောရရင် ဒါခေါင်းစဥ်တွေသာ မျိုးစုံထွက်လာမယ် တကယ့် မြေပြင်မှာ ထွက်လာမဲ့ ခေါင်းစဥ်နဲ့ ညီတဲ့ လုပ်ငန်းတွေ ရှိရဲ့လား။ အဲလို မဟုတ်ဘဲနဲ့ သီးသန့် တကယ့်ကို ဖြေရှင်းရမဲ့ လုပ်ငန်းတွေ ရှိနေ လား။ အဲတာတွေကို နှစ်ဖက် သဘောပေါက်ပြီးတော့ အကုန် ဆွေးနွေးညှိနှိုင်းပြီးတဲ့ အခါမှာ အကုန်လုံးက ရှင်းသွားမှာ တစ်ခါတစ်ရန်ကျတော့ ကိုယ်တော့ အော်တာကတော့ တိုင်းရင်းသားအရေး ဖွံ့ဖြိုးတိုးတက်ရေးလို့ အော်နေပေမယ့် ဦးတည်ထားတာ တခြား ဖြစ်နေတာမျိုးဆို အောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ အဲတော့ နိုင်ငံရေးဆိုင်ရာ သဘောထား ကွဲလွဲမှုတွေ ရှိချင်လည်း ရှိနေမယ်။ စိတ်ထဲမှာတော့ဘယ်လို ခံစားရတယ် ဘာတွေ ဘယ်လို ဖြစ်တယ် ဘာတွေ လိုချင်တယ်၊ အဲဒီမှာမှ နိုင်ငံတော်ရဲ့ လက်ရှိပေးနိုင်တဲ့ နိုင်ငံရေးအရ အခွင့်အလမ်း၊ ညှိနှိုင်းနိုင်တဲ့ အခွင့်အလမ်း၊ ဒါတွေကို တိတိကျကျ နှစ်ဖက်သေချာ ဆေးနွေးပြီးသွားရင် အားလုံး အဆင်ပြေ သွား ပါလိမ့်မယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း၊ တိုင်းရင်းသားရေးအရလည်းကောင်း သဘောထားကွဲလွဲမှုများကြောင့် လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
နိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးက ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်သွားနိုင်သည့် လုပ်ဆောင်ချက်များ ကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအား လေးစားလိုက်နာကြရန်လို သည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောသည်။