CNI NEWS

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပါတီကို ကိုယ်စားပြုခြင်းထက် ပြည်သူအား ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သင့်သည်ဟု လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက် ရေးပါတီ (ဒူးလေးပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့နိုင်ငံရေးတွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်ထဲသို့ ရောက်ရှိချိန်၌ ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်ထက် ပါတီစွဲများဖြင့် ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် ပိုများကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ရွေးကောက်ပွဲ ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် လွှတ်တော်ထဲသို့ ရောက်ရှိချိန်တွင် သူ့ပါတီ၊ ကိုယ့်ပါတီ အဓိက မဟုတ်တော့ဘဲ တိုင်းပြည်နှင့် ပြည်သူ့အရေးကိုသာ အဓိက ထားရမည်ဖြစ်ကြောင်း လီဆူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က တကယ်တမ်းဆိုရင် လွှတ်တော်ထဲ ရောက်သွားရင်တော့ ကိုယ့်ပါတီ သူ့ပါတီက အဓိက မဟုတ်တော့ဘူး၊ ဖြစ်သင့်တာလေ။ လွှတ်တော်ထဲမှာကြတော့ တိုင်းပြည်အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ က အဲဒီအရေးအတွက်ပဲ အဓိကထားရတော့မှာလေ။ သူ့ပါတီကတင်တဲ့ အဆိုမှ၊ သူ့ပါတီကလုပ်တဲ့ အလုပ်မှ ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတာ ဒါက လွှတ်တော်ထဲမှာ မရှိသင့်ဘူး။ ဘယ်ပါတီကပဲဖြစ်ဖြစ် တိုင်းပြည် ကောင်းဖို့အတွက်၊ ပြည်သူလူထုကောင်းဖို့အတွက် လုပ်တာမှန်သမျှကတော့ ပါတီစွဲမထားဘဲနဲ့ ထောက်ခံသင့်တဲ့ ဟာပဲလေ။ အဲဒီတော့ တကယ်တမ်း အဲဒီအတိုင်းပဲ ဖြစ်ရမယ်လေ။ ပါတီကိုယ်စားလှယ် အနေနဲ့မဖြစ်ရဘူး။ ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ ဖြစ်ရမှာပေါ့” ဟု ပြောသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်

လွှတ်တော်ထဲသို့ ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများသည် ပါတီကို ကိုယ်စားပြု၍ ဝင်ပြိုင်ခြင်းဖြစ်သည့် အတွက် ရွေးကောက်ပွဲကာလ၌ ၎င်းတို့သည် ပါတီကိုယ်စားလှယ်များ ဖြစ်ကြောင်း၊ သို့သော် ပြည်သူများ၏ မဲပေးမှုအရ အနိုင်ရရှိပြီး လွှတ်တော်ထဲသို့ ရောက်ရှိချိန်တွင် ပါတီကိုယ်စားလှယ်တင်မက ပြည်သူ့ ကိုယ်စားလှယ် လည်း ဖြစ်သွားပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး သဘောသဘာဝအရ အညိုးအတေးထားတတ်သည့် စိတ်အစွဲရှိကြပြီး အချို့ လွှတ်တော် ကိုယ်စားလှယ်များတွင် ၎င်းစိတ်နေသဘောထားမျိုး ရှိတတ်ကြကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများသည် လွှတ်တော်သို့ ရောက်ရှိပါက နိုင်ငံတော်အဆင့်ရှိ လွှတ်တော် အမတ်များ ဖြစ်သွားပြီး နိုင်ငံ၏အမြင့်ဆုံး ဥပဒေပြုခွင့် အာဏာရှိသော ပုဂ္ဂိုလ်များ ဖြစ်သွားပြီဖြစ်ကြောင်း နာဂအမျိုးသားပါတီ(NNP) ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။

သို့သော် အချို့ပါတီများအနေဖြင့် အခြားပါတီများ၏ အဆိုပြုချက်ကို လွှတ်တော်တွင် မဆွေးနွေးကြခြင်းသည် ၎င်းတို့၏ ပါတီဗဟိုမူဝါဒအရများကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေးပါတီများကို တွေ့ရစဉ်

ဦးရှုမောင်က “တိုင်းပြည်မှာ အမြင့်ဆုံး ဥပဒေပြုခွင့် အာဏာရှိသော ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်ကြောင့် သူက တိုင်းပြည် အကျိုးအတွက်ကိုလည်း စဉ်းစားရမှာဖြစ်သလို၊ တခြားတစ်ဖက်မှာ သူ့ကို မဲပေးလိုက်တဲ့ ပြည်သူ မဲဆန္ဒနယ် ဘယ်လောက်လဲ။ အဲဒီမဲဆန္ဒနဲ့ဆိုင်တဲ့ အကျိုးကျေးဇူးကိုလည်း ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ကိစ္စ သော်လည်း ကောင်း၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ အကြောင်းအရာသော်လည်းကောင်း၊ နိုင်ငံတကာရေးရာနဲ့ ဆက်စပ်တဲ့ကိစ္စ ဒါတွေက သူက တာဝန်ရှိသွားတာ ဖြစ်တဲ့အတွက်ကြောင့် အားလုံးနဲ့ဆိုင်တဲ့ အတွက်ကြောင့် သူက ပြည်သူ့ကိုယ်စားလှယ်ပဲ ဖြစ်ရမယ်လို့ မြင်တယ်။ တခြားတစ်ဖက်ကို ပြန်ပြောရမယ်ဆိုရင် ပါတီမူဝါဒပေါ့။ အချို့ရဲ့ မူဝါဒက ဗဟိုထိန်းချုပ် စနစ် အရမ်း အားကောင်းတဲ့အချိန်မှာ တခြားပါတီတစ်ခုက တင်လိုက်တဲ့အဆိုဟာ တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်၊ ပြည်သူအတွက်လည်း အကျိုးရှိမှာ မှန်ပေမယ့် ပါတီရဲ့အကျိုးစီးပွားနဲ့ ဗဟိုရဲ့ထိန်းချုပ်မှု။ ဗဟိုဆို တာ ဒေသပါတီတွေလည်း ဖြစ်နိုင်တယ်။ တိုင်းရင်းသားပါတီတွေလည်း ဖြစ်နိုင်တယ်။ ပြည်မက ပါတီကြီးတွေ လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘယ်ပါတီလို့ ရည်ညွှန်းချင်တာ မဟုတ်ဘဲနဲ့ တချို့သောပါတီက ပါတီမူဝါဒတွေ ကို  ရွေးကောက်ပွဲ ကတိကဝတ်ကို မူတည်ပြီး ဘယ်လွှတ်တော်မှ ဒီကိစ္စကို မဆွေးနွေးရဘူး။ ငါတို့ဗဟို လမ်းစဉ် က ဒီလိုရှိတယ်ဆိုတာမျိုး ထိန်းကျောင်းတာ ရှိတယ်ဆိုရင် တချို့လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဒါတွေ ကို ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲအား လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပ သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြု ပြောကြားထားသကဲ့သို့ အပိုင်းလိုက်ခွဲ၍ ကျင်းပ သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံက သိရသည်။