CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်း ၄၉၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမည်စာရင်း တင်သွင်းလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၂၂ ရက် အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင် အမည်စာရင်းတင်သွင်းခဲ့ကြသည်။
အဆိုပါ အမည်စာရင်း တင်သွင်းသည့် နိုင်ငံရေးပါတီတွင် ပြည်ထောင်စုတစ်ဝန်း ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း ယှဉ်ပြိုင်မည့်ပါတီ ၅၁ ပါတီ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများ ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၁၀၁၈ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ၆၉၄ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ် ၆၇၂ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ် ၄၂၈ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ကိုယ်စားလှယ် ၅၈၄ ဦး၊ ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ၅၁၂ ဦးတို့ အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
နိုင်ငံရေးပါတီများနဲ့ UEC တွေ့ဆုံစဉ်
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ကိုယ်စားလှယ် ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၉၅ ဦး ရှိသည်။
ထိုကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုများကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကော်မရှင်အဖွဲ့ခွဲအသီးသီးက စိစစ်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပသွား မည်ဖြစ်ပြီး ကျန်မဲဆန္ဒနယ်များကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဆက်လက် ကျင်းပမည်ဖြစ်သည်။