CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးသွားမည်ဟု နေပြည်တော်ဘက်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရုရှားခရီးစဉ်အတွင်း သမ္မတ ပူတင် အပါအဝင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်သည်။
ထို့ပြင် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်(World Atomic Week 2025)သို့ တက် ရောက်မည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က သမ္မတ ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သေးသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ တရုတ်စစ်ရေးပြ အခမ်းအနားတွင် ရုရှားသမ္မတ ပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြသည်။