CNI News
၂၀၂၅ ခုနှစ်၊ မေလ ၇
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မေလ ၇ ရက်က နေပြည်တော်လေဆိပ်ကနေ စတင်ထွက်ခွာသွားပြီ ဖြစ်သည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်း အမှတ် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက်လာကြမည့် နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ လုပ်သွားရန်ရှိသည်။
အဆိုပါ ရုရှားခရီးစဉ်တွင် နစကဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နစကတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အစိုးရအဖွဲ့ဝန်ကြီးများ လိုက်ပါခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ မတ်လ ၃ ရက်မှ စတင်၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး မတ်လ ၄ ရက်က သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ရုရှားလွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ ခရီးစဉ်တွင် ရုရှားသမ္မတ ပူတင်က ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့၌ ကျင်းပမည့် ရင်ပြင်နီ ချီတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော်ကို ဖိတ်ကြား ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလအတွင်းက ရုရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ကတော့ မေလ ၇ ရက်နေ့တွင် ရုရှားခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း သိရသည်