CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၂

နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်ရေး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations)၏ အထွေထွေညွှန်ကြားရေးမှူးချုပ် မစ္စတာအလက်စီ လီခါချော့ဖ် (Mr. Alexey Likhachev) တို့ ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌနှင့် မစ္စတာအလက်စီ လီခါချော့ဖ်တို့  တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁၂ ရက်) နစက-က ထုတ်ပြန်ခဲ့သည်။

နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြု ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နစက-က ပြောသည်။

ထို့နောက် ဇူလိုင် ၁၁ ရက်တွင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အီဗန် ပါလျာကော့ (Mr. lvan Polyakov) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ တွေ့ဆုံ၍ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များ တင်ပို့ နိုင်ရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် နည်းပညာလိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် ကဏ္ဍအဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (State Space Corporation Roscosmos)သို့ သွားရောက်၍ ရုရှား သမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် Roscosmos ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒီမီတရီ ရာဂိုဇင် (Dr. Dmitry Rogozin) နှင့်တွေ့ဆုံ၍ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ ပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်တင်ခြင်း အခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။