CNI News
၂၀၂၅ ခုနှစ်၊ မေလ ၅
ရုရှားသမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်း အမှတ် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက်လာကြမည့် နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ လုပ်သွားရန်ရှိသည်။
နစကဥက္ကဋ္ဌ၏ ရုရှားခရီးစဉ်တွင် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ နစက ကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော် အဆင့်မြင့် အရာရှိကြီးများလည်း လိုက်ပါကြမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ နစကဥက္ကဋ္ဌနဲ့ သမ္မတပူတင် ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ မတ်လ ၃ ရက်မှ စတင်၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး မတ်လ ၄ ရက်က သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ရုရှားလွှတ်တော်ဥက္ကဋ္ဌ၊ ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ ခရီးစဉ်တွင် ရုရှားသမ္မတ ပူတင်က ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့၌ ကျင်းပမည့် ရင်ပြင်နီ ချီတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော်ကို ဖိတ်ကြား ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလအတွင်းက ရုရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ကတော့ မေလ ၆ ရက်နေ့တွင် ရုရှားခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း သိရသည်။