CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို လေ့လာနိုင်ဖို့ ရုရှားနိုင်ငံကို ဖိတ်ခေါ်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ကို တွေ့ဆုံ၍ ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နစကဥက္ကဋ္ဌက နေပြည်တော်မှာ လက်ခံတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက မြန်မာနိုင်ငံ၌ လွှတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲ ကျင်းပချိန်တွင် ရုရှားနိုင်ငံမှ လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့် အခြေအနေများကို ရှင်းပြခဲ့သည်။

ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်၍ လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းလိုက် ကျင်းပသွားရန်လည်း ရှိ‌ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့နောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ပေးလျက်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့သည်။

အလားတူ ခရီးသွားလုပ်ငန်းများ၊ အပြန်အလှန် ကုန်သွယ်မှု လုပ်ငန်းများ တိုးတက်စေရေး ဆက်လက် တိုးချဲ့ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စိုက်ပျဒိးရေးလုပ်ငန်းများတွင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ် သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် စက်မှုလုပ်ငန်းများ တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။