CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃

တရုတ်-မြန်မာ ပူးပေါင်းတည်ထောင်ရန် ပြင်ဆင်နေသည့် လုံခြုံရေးကုမ္ပဏီသည် အသွင်ပြောင်းထားသော လက်နက်ကိုင် အင်အားစုများ ဖြစ်နိုင်သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများအား ကာကွယ်ရန် နှစ်နိုင်ငံလုံခြုံရေးကုမ္ပဏီ တည်ထောင် ရေး တရုတ်အစိုးရ အဆိုပြု ဆွေးနွေးလျက်ရှိသည်။

ထို့ကြောင့် နစက-က တရုတ်-မြန်မာ နှစ်နိုင်ငံ လုံခြုံရေးကုမ္ပဏီ တည်ထောင်ရေး လုပ်ငန်းကော်မတီကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်း၍ ပြင်ဆင် လေ့လာလျက်ရှိနေသည်။ 

ပြည်ပအင်အားစုများ ပြည်တွင်းသို့ ဝင်ရောက်လာလျှင် ပိုမိုရှုပ်ထွေးသွားနိုင်ပြီး ဝင်‌ရောက်လာမည့် တပ်ဖွဲ့များ သည်လည်း အသွင်ပြောင်းထားသည့် လက်နက်ကိုင် အင်အားစုများ ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပိုရှုပ်ထွေးလာမှာလို့ ကျနော်တော့ ပြောချင်ပါတယ်၊ ဆိုလိုတာက ဘယ်က လက်နက်ကိုင်မှန်းမသိ၊ ဘယ်လို ယူနီဖောင်းမှန်း မသိပြီးတော့၊ ဘယ်လို လက်နက်ကိုင်ထားတဲ့ အင်အားစုမှန်းမသိတဲ့ အင်အားစု‌တွေ ဗမာပြည်ထဲ ရောက်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် လူထုအနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ လက်ခံ နိုင်စရာ အကြောင်းမရှိပါဘူး၊ ရှုပ်ထွေးမှုတွေတော့ ပိုဖြစ်လာမှာပါ။ ပုံစံကွဲပြားတယ်ဆိုတာကတော့ သူကတော့ ဗမာပြည်က အခြေအနေနဲ့ အခြားတိုင်းပြည်က အခြေအနေတွေအပေါ်မှာ ကွဲပြားတဲ့ပုံစံနဲ့တော့ ဖြစ်လာမှာပေါ့ ဗျာ။ သို့သော်ငြားလည်း မလွှဲမရှောင်သာ ဖြစ်လာမယ့်ကိစ္စတော့ ဗမာပြည်က ပြည်တွင်းစစ် ဖြစ်နေပြီးတော့ သူ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ တရုတ်အကျိုးစီးပွားတွေကို ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေ၊ နောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကလည်း တာဝန်မယူနိုင်တဲ့ အခြေအနေမှာ ဗမာပြည်ကို ဝင်ရောက်ဖို့ သဘောတူလိုက်တဲ့၊ ဝင်ရောက်လာမဲ့ လုံခြုံရေး အင်အားစုတွေဆိုတာ အသွင်ပြောင်းထားတဲ့ လက်နက်ကိုင် အင်အားစုပဲဖြစ်ဖို့ များ တယ်၊ သေချာတယ်လို့ ယူဆတဲ့အတွက် ကျနော်တို့ ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ရမှာ ဖြစ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းလုပ်ငန်းခွင် ကိုတွေ့ရစဥ်

တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများသည် ပိုးလမ်းမစီမံကိန်း တစ်လျှောက်တွင်ရှိသည့် တရုတ်စီမံကိန်းများအား ကာကွယ်စောင့်ရှောက်ရန် အဓိက ရည်ရွယ်ထားသော်လည်း လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကို မြန်မာ့တပ်မတော်မှ တိုက်ခိုက်ချေမှုန်းရာတွင် ပါဝင်လာနိုင်ကြောင်း အမေရိကန် အခြေစိုက် The Eurasia က ဒီဇင်ဘာ ၂ ရက်နေ့ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံထဲသို့ တရုတ်လုံခြုံ‌‌ရေးကုမ္ပဏီများ ဝင်ရောက်လာမှုကြောင့် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာ နိုင်ပြီး သံတမန်ရေးအရ တင်းမာမှုများလည်း ပေါ်ပေါက်လာနိုင်သည်ဟု မြန်မာ့အရေး လေ့လာသူများက ပြောဆို ကြောင်း South China Morning Post က နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

တရုတ်-မြန်မာ ပူးပေါင်း လုံခြုံရေးကုမ္ပဏီ တည်ထောင်လာပါက လုံခြုံရေးတပ်ဖွဲ့များ လုံခြုံမှုရယူထားသည့် သတ်မှတ်ဧရိယာအတွင်း မလိုလားသည့် အင်အားစုများက နှောင့်ယှက်ဖျက်စီးပါက ပြန်လည်တုန့်ပြန်နိုင်သော သတ်မှတ် စည်းမျဥ်းစည်းကမ်းများ ပါလာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

Private Security Companies PSCs တပ်ဖွဲ့များကို တွေ့ရစဥ် 

၎င်းက “ပထမတစ်ချက်က အဲဒီကုမ္ပဏီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအစိုးရဘက်က လုံခြုံမှုကို တာဝန်ယူ ပေးကြရမှာ၊ အဲသလို လုံခြုံမှုယူပေးနိုင်တဲ့ အနေအထား ရာခိုင်နှုန်း တစ်စုံတစ်ခုထိ လိုအပ်ပြီလို့ နှစ်ဖက်က သတ်မှတ်တဲ့အခါမှာ သူ့ရဲ့အကျိုးစီးပွား လုံခြုံမှုအတွက် ဥပဒေပါ ခွင့်ပြုချက်အတိုင်းပဲ လုပ်ကြရတဲ့ အနေအထား ရှိတယ်။ အဲတော့ သူ့အကျိုးစီးပွားကို မထိခိုက်သမျှ ကာလပတ်လုံး သူတို့သည် သူတို့သတ်မှတ်တဲ့ ဧရိယာအတွင်း မှာပဲ ရှိနိုင်ပါတယ်။ BRI လမ်းက ရှည်လျားတာကိုးဗျ၊ BRI လမ်းတစ်လျှောက်ကလည်း စစ်ဖြစ်နေတာကိုး အဲလို စစ်ဖြစ်တဲ့အခါမှာ BRI လမ်းတစ်လျှောက်မှာ ဖြစ်နေတာကိုက နှစ်နိုင်ငံအကျိုးစီးပွားအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှ ဖြစ်မယ်ဆိုတဲ့ လိုအပ်ချက်တွေက ဖြစ်လာနိုင်တာလို့ သုံးသပ်လို့ရတယ်။ ကန့်သတ် စည်းမျဥ်း စည်းကမ်းတွေ အားလုံးရှိနိုင်တယ်၊ ဥပမာ သတ်မှတ်တဲ့ဧရိယာ သူ့ရဲ့လုံခြုံမှုယူထားတဲ့ ဥစ္စာကို ခုနက အကြမ်းဖက် တဲ့ မလိုလားတဲ့ အင်အားစုတွေက နှောင့်ယှက်ဖျက်စီး ပစ်လို့ရှိရင် လုံခြုံရေး အဖွဲ့အစည်းများက ပြန်လည်တုန့်ပြန် နိုင်တဲ့ သတ်မှတ်စည်းမျဥ်းစည်းကမ်းတစ်ခု အဲဒီဥစ္စာကို ကျော်လွန်ရင် အဲဒီ လုံခြုံရေးအဖွဲ့အစည်းတွေ ရှိတဲ့ဧရိယာ တစ်လျှောက်လုံးနဲ့ပတ်သက်တဲ့ နိုင်ငံအတွင်းက လုံခြုံရေးအဖွဲ့အစည်းတွေက ဘာပူးပေါင်းဆောင်ရွက် ရမယ်ဆို တဲ့ စည်းကမ်းသတ်မှတ်ချက်တစ်ခု ပါလာနိုင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် လုံခြုံရေးတပ်ဖွဲ့များသည် လက်ရှိမြန်မာနိုင်ငံအတွင်း အခြေအနေအရ လက်နက်ကိုင်ဆောင်ထားနိုင်ကြောင်း၊ လူဦးရေ အနည်းစုဖြင့် လုံခြုံရေး တာဝန်ယူရမည် ဖြစ်သောကြောင့် နည်းပညာမြင့် လက်နက်များလည်း တပ်ဆင်ထားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြ သည်။

တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် အာရှအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် ၎င်းတို့၏အကျိုးစီးပွား၊ စီမံကိန်းနှင့် ဝန်ထမ်းများအား ကာကွယ်ရန် စစ်သားဟောင်းများဖြင့် ဖွဲ့ထားလေ့ရှိသည့် Private Security Companies PSCs ဟုခေါ်သော ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို အသုံးပြုလျက်ရှိသည်။