CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆

လက်ရှိ နွေဦးတော်လှန်ရေးမှာ အတိုင်းအတာ တစ်ခုအထိ ခရီးရောက်နေပြီ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ မှ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုမန်းမန်းက CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးအပေါ် တပ်မတော်ဘက်မှ သွေးခွဲမှုများ လုပ်ဆောင်နေ ကြောင်း၊ မိမိတို့ အနေဖြင့် အောင်ပွဲရသည်အထိ တွန်းလှန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပဒိုမန်းမန်းက “ပဋိပက္ခဆိုတာထက် အခုကျနော်တို့ တော်လှန်ရေးပဲ ပြောရမှာပေါ့၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေးနဲ့ နွေဦးတော်လှန်ရေးနဲ့ကတော့ ဒီအခြေအနေ ဒီကာလမှာ စစ်ကောင်စီ အနေနဲ့က ဘယ်လောက်ပဲ ကျနော်တို့ကို သွေးခွဲ၊ ဖောက်ထွက် ဆောင်ရွက်သည်ဖြစ်စေ၊ ကျနော်တို့ရဲ့ ဒီအချိန် ဒီကာလမှာ ကျ‌နော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့တွေရော၊ လက်ရှိ နွေဦးတော်လှန်ရေးကတော့ တော်တော်လေးကို ခရီးရောက်နေပြီလို့ပဲ ယေဘုယျအားဖြင့် ပြောလို့ ရမှာ ဖြစ်တယ်၊ ဒီအတွက်ကတော့ ကျနော်တို့ ဆက်ပြီးတော့မှ အောင်ပွဲရတဲ့ အထိတော့ တွန်းလှန်သွားမှာ ဖြစ်တယ်၊ အောင် ပွဲလည်းပဲ တကယ်မုချရမယ်လို့ ပြောလို့ရပါတယ်”ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ နှင့် ဒေသကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်နှင့် တပ်မတော်အကြား လက်ရှိ အချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့ တို့ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က တွေ့ဆုံစဉ်

သို့သော် တခြားတစ်ဖက်တွင် နစကနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို တွေ့ဆုံဆွေးနွေး လျက်ရှိသည်။

နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် NUG၊ PDF တို့အကြား သွေးခွဲမှုဖြစ်ကြောင်း ပဒိုမန်းမန်းက ပြောသည်။

ပဒိုမန်းမန်းက “ဒါကတော့ အရင်က ကျနော်‌ပြောသလို သူတို့ရဲ့ လုပ်ရိုး၊ လုပ်စဉ် သေနင်္ဂဗျူဟာအရ၊ နည်းဗျူဟာအရပဲ ဆောင်ရွက်တာ အဆန်းကြီးတော့ မဟုတ်ဘူး။ အဓိကကတော့ NUG၊ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ကို အဲဒါကို ခွဲထုတ်ဖို့ ခွာထုတ်ဖို့ အတွက်ပေါ့၊ သွေးခွဲဖို့ ဆိုလည်း ပြောလို့ရပါတယ်။ အဓိက ဒါမပေါင်းစည်း နိုင်‌ အောင်အတွက် သူက ဒါခွာထုတ်တဲ့၊ ခွဲထုတ်တဲ့ နည်းတစ်ခုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲလည်း အဲဒါလည်းပဲ သူတို့ အတွက်ကတော့ အောင်မြင်မယ်လို့ မထင်ပါဘူး။ အောင်လည်း မအောင်မြင်ထိုက်ပါဘူး။ အဲဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

နွေဦးတော်လှန်ရေး စစ်တပ် ဆန့်ကျင်မှုတစ်ခု

လက်ရှိတွင် နစက ဥက္ကဋ္ဌသည် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) မှ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် လည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့် လည်းကောင်း၊ "ဝ"ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA-မိုင်းလားအဖွဲ့)မှ ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက် တစ် အစည်အရုံး(LDU)တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

လက်ရှိတွင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်း တချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။