CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆

ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် နစက၏ သတင်းထုတ်ပြန်ချက်သည် လူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီတို့ကို သေဒဏ်အမိန့်ပေးလိုက်ကြောင်းကို အတည်ပြုသည်ဟု နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၃ ရက်နေ့က သတင်းမီဒီယာများကို ပြောကြား ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က “ ဒီမိုကရေစီလိုလားသည့် အတိုက်အခံ ခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင် အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန် ပြည်ထောင်စု ပြင်းထန်စွာ ရှုတ်ချပါသည်”ဟု ပြောသည်။

ထို့နောက် မတရားဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပါသည်ဟုလည်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်

လက်ရှိတွင် ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့အား သေဒဏ် အတည်ပြုသည်ဟု နစက-က ထုတ်ပြန်ထား သော်လည်း သေမိန့်ပေးခြင်း ရှိ၊မရှိကိုတော့ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “ကျနော်တို့ ၈၈၈၈ အရေးတော်ပုံ နောက်ပိုင်းမှာလည်း ကိုယ်ယုံကြည်ရာ နည်းလမ်းနဲ့ ဆောင်ရွက်တဲ့အတွက်ကြောင့် သေဒဏ်ကျ ရဲဘော်တွေ ကျ‌နော်တို့နဲ့ အတူနေခဲ့ရတာပါပဲ၊ အဲဒီတော့ သေဒဏ်ကနေပြီး တော့ တစ်သက်တစ်ကျွန်း၊ တစ်သက်တစ်ကျွန်းကနေ ၁၀ နှစ်စီဆိုပြီးတော့ လွတ်မြောက်သွားတဲ့ဟာတွေ အများကြီး ကျ‌နော်တို့ ကြုံခဲ့ပြီးပါပြီ။ ဥပမာ အားဖြင့် ပြောရရင် ရေနံချက်စက်ရုံရော နောက်ပြီးတော့ မြို့တော်ခန်းမ‌ရော ဗုံးနှစ်လုံးပေါ့၊ နှစ်နေရာ ဖောက်ခွဲခဲ့တဲ့ ပုဂ္ဂိုလ်ဆို လို့ရှိရင် သေဒဏ်ကနေ အနှစ် ၂၀၊ အနှစ် ၂၀ ကနေ ၁၀ နှစ်စီဆိုပြီးတော့ ဒါ ၇ နှစ် ကျော်ကျော်လောက် နေပြီးတော့ ပြန်လွတ် သွားတာက ကျ‌နော်တို့ လွတ်ခါနီးမှာကို အတူတူ နေခဲ့ရပါသေးတယ်၊ ဒါကြောင့်မို့လို့ အခုဖြစ်တဲ့ ကိစ္စမှာလည်းပဲ နိုင်ငံရေးအရ ဖြစ်ပေါ်တဲ့ ကိစ္စမှာ နိုင်ငံရေးအရပဲ ကျနော်တို့ ရလဒ်ကောင်းတွေ ထွက်လာဖို့ မိသားစုတွေနဲ့ စုံစည်းနိုင်ဖို့အတွက် မျှော်လင့် ရ မှာ ဖြစ်ပါတယ်”ဟု CNI သတင်းဌာနသို့ ဇွန်လ ၄ ရက်က ပြောကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော် က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့ကြောင့် တပ်မတော် ဆန့်ကျင်ရေးနှင့် လက်နက်ကိုင် တိုက်ခိုက်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိနေသည်။