CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များ တိုင်းပြည်နှင့် ဒေသအကျိုး မြင်အောင်ကြည့်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် နစက-က ယနေ့ (ဇွန်လ ၁၄ ရက်) ဒုတိယအကြိမ် ဖိတ်ခေါ် ကမ်းလှမ်းကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့် စေလိုပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ထပ်မံဖိတ်ခေါ်ကြောင်း၊ တက်ရောက် ဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စား အဆုံးအဖြတ် ပေးနိုင်မည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင် ၂ ဦး၏ အမည် စာရင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပြန်ကြားပေးစေလိုကြောင်း ဖော်ပြထား သည်။

နစက-က “ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် အတွက် ပြည်ထောင်စုသား အားလုံး၏ အကျိုးကို ရှေးရှု၍ ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါတယ်”ဟု ပြော သည်။

၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်က UWSA ဒုဥက္ကဋ္ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ် 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များကို ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်းနှင့် EAO ခေါင်းဆောင်များကို မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က မိန့် ခွန် ပြောကြား၍ ကမ်းလှမ်းခဲ့သည်။

ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၁၄ ရက်အတွင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေးနှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်က NDAA ဒုဥက္ကဋ္ဌ ဦးစံပေ့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ကျန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုး ပြု ကရင်တပ်မတော်(DKBA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့လည်း လာရောက် ဆွေးနွေးမည် ဖြစ်သည်။

သို့သော် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)တို့သည် ပထမ တစ်ကြိမ် နစက၏ ဖိတ်ခေါ်မှုတွင် ဆွေးနွေးကျန် အခြေအနေ မရှိကြောင်း အသီးသီး ပြောထားကြသည်။