CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယနေ့ (ဇူလိုင် ၇ ရက်) နေပြည်တော်မှာ နစကနှင့် LDU မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်နှင့်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး စသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။

နစကဥက္ကဋ္ဌက ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိက လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတိုင်းရင်းသား ဒေသများပါမကျန် ပညာရည် မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ချပြ ဆွေးနွေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်က နစကနဲ့ LDU တွေ့ဆုံစဉ်

နစကသည်  ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို အာဏာပြန်လွှဲပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့နောက် LDU အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့သည်ဟု နစကမှ ထုတ်ပြန်ခဲ့သည်။

LDU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လားဟူ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်လည်း ဖြစ်သည်။