CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အောက်တိုဘာ ၁၁ ရက်နေ့တွင် တွေ့ဆုံ၍ ဆွေးနွေးကြမည်ဖြစ် ပြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တော့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ပထမအကြိမ် နစကနှင့်တွေ့ဆုံ ဆွေးနွေးထားသည်။

ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်သည်။ တခြား တစ်ဖက်မှာတော့ မွန်ပြည်သစ်ပါတီ(NMSP)ကို နစက နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး မဆွေးနွေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

NMSP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် မွန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။