CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

မိမိတို့ အားမနာတမ်း ရဲရဲတောက် သတ်ဖြတ်ခဲ့သလို အခု ငြိမ်းချမ်းရေးယူသည့် နေရာမှာလည်းပဲ မိမိတို့ သတ္တိရှိရှိ သွားရမှာ ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။

ယနေ့(မတ်လ ၂၉ ရက်)နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပနေသည့် NCA ထိုး အပစ်ရပ်(၁၀)ဖွဲ့၏ စတုတ္ထ အကြိမ် ဒုတိယပိုင်း ထိပ်သီးညီလာခံတွင် တက်ရောက်၍ အမှာစကား ပြောကြားစဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောခဲ့ သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “ တပြည်လုံးမှာ အားလုံးက အပြန်အလှန် သတ်နေကြတယ်။ Facebook မှာ ပြန်ကြည့်မယ် ဆိုရင်လည်းပဲ အားလုံးဟာရှုပ်ထွေးနေတဲ့ အချိန်ကာလပဲ ဖြစ်တယ်။ အဲဒီတော့ အခု စကားပြောခွင့်ရတဲ့အတွက် ကျနော့် အနေနဲ့လာပြီး ညွှန်ကြားတာ မိန့်ခွန်းပြောတာမဟုတ်ပဲနဲ့ ကျနော့်ရဲ့ သဘောထားနဲ့ခံယူချက် အခုဖြစ်နေတဲ့ ပြဿနာက အပြန်အလှန် သတ်ချင်နေတဲ့ သတ်နေကြတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကျနော်တို့ ရပ်တန်းက မရပ်နိုင်ဘဲ ဒီအတိုင်းသာ သွားနေ ကြမယ်ဆိုရင် ကျနော်ပြောရဲပါတယ်။ ကျနော်တို့ တိုင်းပြည်က ငြိမ်းချမ်းရေးက ကျနော်တို့ သက်တမ်းမှာ မမှီတော့ပါဘူး။ ကျနော်တို့ ကွဲကွဲပြားပြားနဲ့ပဲ နိဂုံးချုပ်သွားရမှာ အဲဒီတော့ NCA လက်မှတ်ထိုးတုန်းက ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ အား မနာတမ်း ရဲရဲတောက်သတ်ဖြတ်ခဲ့သလို အခု ငြိမ်းချမ်းရေးယူတဲ့ နေရာမှာလည်းပဲ ကျနော်တို့ သတ္တိရှိရှိ သွားရမှာ ဖြစ်တယ်။ အခု အခြေအနေက ကျနော်တို့ ခံယူချက်အနေနဲ့က ကျနော်တို့ တိုင်းပြည်ရဲ့ပြဿနာက ကျနော်တို့ စားပွဲပေါ်မှာပဲ သွားရမှာ ဖြစ်တယ်။ အားမနာတမ်း ကျနော်တို့ သတ္တိရှိရှိ သတ်ဖြတ်နေကြမယ်ဆိုရင် ကျနော်တို့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲ စာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် ဒီမိုကရေစီအင်အားစုများက နွေဦးတော်လှန်ရေးဟုဆိုကာ လက်နက်ကိုင်နည်းလမ်းဖြင့် တပ်မတော်ကို ပြန်လည် ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိရာ မြန်မာတဝန်း လက်နက်ကိုင်ပဋိပက္ခများဖြင့်ကာ လူထု သေကြေမှု များပြားလျက်ရှိနေသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ အခုလို ပွဲမျိုးနဲ့ ကျနော်တို့ ဆက်ပြီးလှုပ်ရှားဖို့ သွားဖို့မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သွားကြမယ်ဆိုရင် ကျနော်ပြောရဲပါတယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး လူမျိုး ချင်း မတူသော်လည်း ကျနော်တို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးက ဖြစ်လာမှာမဟုတ်ပါဘူး”ဟု ပြောသည်။

ထို့နောက် မိမိတို့ ဆန္ဒရှိမည်ဆိုပါက မျက်နှာချင်းဆိုင် အပြန်အလှန်စားပွဲပေါ်မှာ ဆွေးနွေးရမှာဖြစ်ကြောင်း၊ နောက်လ ဧပြီလ ကျရင် မိမိအနေဖြင့် အသက် ၈၉ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးပွဲကို အဖိုးကြီးတစ်ဦးအနေဖြင့် ကြည့်လို ကြောင်း၊ အခု ဖြစ်နေသည့် ပြဿနာများကို စားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းကြလိုကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကြား တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမှုများ တစ်ဖက်နှင့်တစ်ဖက်မရှိဘဲ မစေ့စပ်တမ်း အဖြုတ်တိုက်ရေးကိုသာ ဆောင်ရွက်နေကြသည်။