CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၂

မွန်ပြည်သစ်ပါတီ(NMSP)နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မနက်ဖြန် (မေလ ၂၂ ရက်) နေပြည်တော်မှာ တွေ့ဆုံ၍  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့နှင့်  နစက ဘက်မှ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြမည် ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူတစ်ဦးက “ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့ အခု နေပြည်တော်ကို ဒီနေ့ ရောက်တယ်။ မြန်မာ တွေ့လိမ့်မယ်။ မွန်ပြည်သစ်အနေနဲ့ လက်ရှိ အခြေအနေက ဒီတွေ့ဆုံမှုဟာ အရေးပါလိမ့်မယ်”ဟု ပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂  ခုနှစ်၊ ဖေဖော်ဝါရီလက ပြည်နယ်-ပြည်ထောင်စု  ပဏာမအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး(Bilateral) ရေးထိုးထားပြီး  NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃  ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။

NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၂၂ ခုနှစ်၊ မေလ ၂၂  ရက်က နေပြည်တော်ရောက်

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “မွန်ပြည်သစ်ပါတီဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မော်တော်ယာဉ်များဖြင့် နေပြည်တော်ကို ရောက်ရှိလာကြောင်း၊ မနက်ဖြန် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း” ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP) လှုပ်ရှားနယ်မြေများနှင့် မွန်ပြည်နယ်သည် နိုင်ငံရေးနှင့်စစ်ရေးအရ ကြည့်မည်ဆို လျှင်  ကရင်တိုင်းရင်းသားများ၏ ဝိုင်းရံခြင်းခံထားရသလို နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသော PDF များ အား ကောင်းလာနေခြင်းကြောင့် နည်းလမ်းသစ်များ ရှာဖွေရန် လိုအပ်လာသည့်အတွက် နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သွားရောက်ခြင်း ဖြစ်နိုင်ကြာင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ တချို့ က ပြောသည်။