CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၂

ဖက်ဒရယ်မူနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရမည်ဟု  ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

နစက အဖွဲ့ဝင်များ ပါဝင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မေလ ၂၁ ရက်က တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “ အားလုံး လက်ခံသဘောတူတဲ့  ဖက်ဒရယ်မူနဲ့ ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း၊  အုပ်ချုပ်ရေး စနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊ လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲခြင်း စသည်တို့ကို အဆင့်ဆင့် ဆောင်ရွက်သွား နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုကြီးကို စုပေါင်းတာဝန်ယူ တာဝန်ခံမှုနဲ့ ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရေး၊ တန်းတူရည်တူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးတို့ကို ရည်မှန်း၍ မိမိ တို့ RCSS သည် ဖိတ်ကြားမှုကို လက်ခံပြီး ယနေ့ ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း  ၎င်းက ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “ မိမိနဲ့ နစကဥက္ကဋ္ဌတို့ တွေ့ဆုံ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ပြီး အပြန်အလှန် ယုံကြည်မှု တွေကို ထပ်မံတိုးမြှင့် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဖက်ဒရယ်ကိစ္စ၊ ဒီမိုကရေစီကိစ္စ၊  ပါတီစုံနိုင်ငံရေးစနစ်၊ အနာဂတ် ပြည် ထောင်စုကို ပုံဖော်ခြင်းကိစ္စ၊ လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဝိုင်းဝန်းပူးတွဲ ဖြေရှင်းရေးကိစ္စ အပါအဝင် အရေးကြီးတဲ့ အနာဂတ် နိုငငံရေးဆွေးနွေးပွဲများကိစ္စ၊ လုပ်ငန်းစဉ်နဲ့ အချိန်ဇယားတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်နိုင်ခဲ့ပါတယ်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ရှေ့လုပ်ငန်းစဉ်မှာ ပါတဲ့  အစီအမံ အစီအစဉ်တွေကို  အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ခြင်းဟာ  ကောင်းမွန်တဲ့ ဆွေးနွေးမှုဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဖို့ အရေးပါတဲ့ ခြေလှမ်းတလှမ်းကို စတင်လှမ်းနိုင်ခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ အချိန်အလွန်ကြာပါက မထင်မှတ် သည့် ပြင်ပ အမှောင့်ပယောကများ ဝင်လာတတ်ပြီး အထစ်အငေါ့များ ဖြစ်စေနိုင်၍ အချိန်တိုတောင်းကာ ပြီးပြည့်စုံသော ရလဒ် ထွက်သည့် နည်းလမ်းများကို ရှာဖွေရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

အလားတူ နောက်နောင် ဆွေးနွေးပွဲများတွင် အစုအဖွဲ့ အသီးသီး တစ်ဖွဲ့ချင်းစီ၏ ဖက်ဒရယ်မူများကို အပြန်အလှန်ချပြပြီး တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမည် ဆိုခြင်းသည်လည်း ထည့်သွင်းစည်းစားရမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြော သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “မိမိတို့တိုင်းပြည် နိုင်ငံရေး အကျပ်အတည်းဖြစ်နေချိန်မှာ မိမိတို့ အနေနဲ့လျစ်လျူရှု မျက်ကွယ်မပြု နိုင်လို့ ဒီဆွေးနွေးပွဲကို လာတက်တာဖြစ်ပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးပွဲမှ အားလုံးအတွက် အောင်မြင်တဲ့ Win-Win Solution ရလဒ်ရရှိအောင် ကြိုးပမ်းဆောင်ရွက် ရပါမယ်။  တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းနဲ့ နိုင်ငံရေး  ပြဿနာများကို ဖြေရှင်းနိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် ယနေ့ ဆွေးနွေးပွဲသည် ကနဦး ဆွေးနွေးပွဲသာဖြစ်ပြီး ယနေ့မှစ၍ စဉ်ဆက်မပြတ် Process လုပ်ငန်းစဉ် တစ်ခု အဖြစ် စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အနှစ်သာရပြည့်ဝပြီး ပြီးပြည့်စုံသည့် ဆွေးနွေးပွဲဖြစ်ရန် လိုအပ်သော  အခင်း အကျင်း များကို စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း  ၎င်းက ပြောသည်။

ကမ္ဘာကြီး၏  အခြေအနေသည် အချိန်နှင့်အမျှ ပြောင်းလဲနေ၍ မိမိတို့အားလုံး အနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး အပါအဝင် အခြားအရေးကြီးသည့် ကိစ္စရပ်များကို စီမံဆောင်ရွက်ရာမှာ ခေတ်စနစ် ကာလ၊  ဒေသ၊  ပုဂ္ဂလိက အခြေအနေ များနှင့်အညီ သူ့ဖက်ကိုယ်ဖက် မျှမျှတတ ဆောင်ရွက်ပြီး အေးချမ်းသာယာဝပြော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြရန် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ ဖြစ်သည်။ တခြား တစ်ဖက်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင်  မြောက်ပိုင်းမဟာမိတ်အဖွဲ့ (TNLA၊ SSPP) တို့နှင့် စစ်ရေး တင်းမာလျက်ရှိပြီး လှုပ်ရှားနယ်မြေများ လက်လွှတ်ပေးလိုက်ရသည့် အခြေအနေများရှိနေသည်။