CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

ဆွေးနွေးပွဲများ၏ အခင်းအကျင်းကို ပြင်ဆင်သည့်အခါ သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်မည့် ဆွေးနွေးပွဲများ ဖြစ်ရန် လိုအပ် သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့က RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ဗိုလ်ချုပ်ကြီးယွက်စစ်က “ ဆွေးနွေးညှိနှိုင်းရာမှာ တရားဝင်ပွဲတွေ ကျင်းပသလို အလွတ်သဘောပွဲတွေကိုလည်း မကြာခဏ လုပ်ပေးဖို့လိုအပ်ပါတယ်။ ဆွေးနွေးပွဲရဲ့ အခင်းအကျင်းကိုလည်း နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေတဲ့ အခင်းအကျင်းမျိုး ဖြစ်အောင်လည်း နှစ်ဖက်ညှိနှိုင်းပြီး စီစဉ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့လိုချင်တဲ့ ရလဒ် မျိုးရရှိအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ သူ့ဖက်ကိုယ့်ဖက် မျှမျှတတ ဖြစ်စေဖို့လည်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်၏ မိန့်ခွန်းပါ ကောက်နုတ်ချက်တချို့ကို RCSS ၏ သတင်းပြန်ကြားရေးဌာနအောက်ရှိ Tai Freedom ကနေရေးသားဖော်ပြထားသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ယုံကြည်မှု တည်ဆောက်ခြင်းဟာ အဓိကကျပါတယ်၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်က လက်တွေ့လုပ်ဆောင်ပြရမှာ ဖြစ်ပါတယ်၊ ဆွေးနွေးညှိနှိုင်းတဲ့ နေရာမှာလည်း သူ့မူကိုယ့်မူကို အလျှော့အတင်းလုပ်ပြီး ညှိနှိုင်းမှသာ ကောင်းမွန်တဲ့ရလဒ်၊ နှစ်ဦးနှစ် ဖက်အတွက် Win Win Solution ရရှိမှာ ဖြစ်ပါတယ်၊ ငြမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ဦးတစ်ယောက်တည်း တစ်ဖွဲ့ တစ်စည်းတည်း တဘက်တည်းနဲ့ ဆောင်ရွက်တာ မရနိုင်သလို ထိုက်သင့်တဲ့ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ များများ ပါဝင်လာနိုင်ရေးကိုလည်း မိမိတို့ စီစဉ်ဖန်တီးပေးဖို့ လိုအပ်ပါတယ်”ဟု နောက်ဆုံးပိတ် မိန့်ခွန်း ပြောစဉ် ထည့်သွင်း ပြောသွားခဲ့သည်။

RCSS နှင့် NSPNC ဆွေးနွေးနေခြင်း

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉ ရက်နေ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် နစက အဖွဲ့ဝင်များပါဝင်သော ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ ဆက် လက် ဆွေးနွေးခဲ့ကြသည်။

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။