CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆွေးနွေးရေးကော်မတီ(NSPNC) နှင့် NCA လက်မှတ်ထိုး ထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ယနေ့(မတ်လ ၂၈ ရက်) နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် RCSS ဘက်မှ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခနှင့် တိုက်ပွဲရှောင်များကို ကူညီပံ့ပိုးရေးနှင့်ပတ်သက်၍ NSPNC နှင့် RCSS သီးသန့် တွေ့ဆုံ ဆွေးနွေးပွဲမှာ ဆက်လက် ဆွေးနွေးသွားမှာဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဗိုလ်မှူးကြီး စိုင်းငင်းက “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ၂၀၂၂ ခုနှစ် နှစ်ကုန် ပိုင်းအထိ တပ်မတော်အနေနဲ့ တစ်ဖတ်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတယ်။ ကြိုတင်ကန့်သတ်ချက် မထားတဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းချက်တွေနဲ့အတူ NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင် သမျှ အလေး ထားလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း စတဲ့ ပြောကြားချက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ရော ဖက်ဒရယ် တည် ဆောက်ရေး လုပ်ငန်းစဉ်အတွက်ပါ အရေးကြီးတဲ့ အပြုသဘောဆောင် ဖြေလျှော့မှုတွေ ဖြစ်တယ်လို့ မြင်ပါတယ်”ဟု ပြော ကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုတွေ့ရစဉ်

NCA ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့ လက်မှတ်ရေးထိုးထားသည်။

အဆိုပါ NCA ထိုး ၁၀ ဖွဲ့ထဲမှ ၆ ဖွဲ့ဝန်းကျင်နှင့် NSPNC တို့ ယနေ့(မတ်လ ၂၈ ရက်)တွင် နေပြည်တော်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်နီးစပ်သူများထံမှ သိရသည်။