CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC)က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ ဖိတ်ခေါ်ချက်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အထူး လိုအပ်သည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားထားသည်။

ထို့နောက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ‌ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေး ပွဲများ ကျင်းပပြုလုပ်နိုင်ရန် လေးနက်စွာ ဖိတ်ခေါ်အပ်ပါသည်ဟု NSPCC က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ များ၊ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ၊ NCA ထိုးထားပြီး ပြန်လည်ထွက်ခွာသွားသည့် လက်နက်ကိုင် များကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့သည်။