CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ ဇူလိုင်လ ၃၁ ရက်နေ့အထိ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ဘယ်လို သဘောထား ရှိနိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များ ကြား သုံးသပ်မှုများ ရှိနေကြသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို တက်ရောက် အမှာစကား ပြောကြားစဉ် အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
NCA စာချုပ်ကို ပထမဦးဆုံး အကောင်အထည်ဖော်နိုင်ခဲ့သည့် ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်၌ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ခဲ့ရာတွင် အင်မတန်ခက်ခဲခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့များ ရှိရာနေရာသို့ သွားရောက် ဆွေးနွေးပါက ပို၍ ဖြစ်နိုင်ခြေများနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သမ္မတကြီး ဦးသိန်းစိန်က ရာထူးကို လက်ခံပြီးတဲ့ နောက်ပိုင်းမှာ လေးလလောက်အကြာမှာ ကြေညာ ချက်ထုတ်တယ်။ ပြည်ပရောက်နေတဲ့ ဗမာနိုင်ငံသားတွေ ပြန်လာပါ။ တိုင်းပြည်ကို ပြန်လည် ဖွံ့ဖြိုးအောင်လုပ် ဆောင်တဲ့နေရာမှာ ကူညီပါ။ နောက်တိုင်းပြည်မှာ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးလည်း ငြိမ်းချမ်းရေး လာဆွေးနွေးပါလို့ ခေါ်တဲ့အခါကြတော့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ခေါ်တယ်။ ဒါပေမယ့် တစ်ဖွဲ့မှမလာကြဘူး။ သူတို့သွားတွေ့တဲ့ အဖွဲ့ကလည်း နဂိုကတည်းက အပစ်ရပ်ထားတဲ့ အဖွဲ့တွေဖြစ်တယ်။ “ဝ” တို့၊ ကိုးကန့်တို့၊ မိုင်းလားတို့၊ DKBA တို့ ဘာတို့။ ဒါပေမယ့် လက်နက်ကိုင်ပြီးမှ တော်လှန်တိုက်ခိုက်နေတဲ့ တစ်ဖွဲ့မှ မလာကြဘူး။ ယုံလည်းမယုံကြဘူး။ အဲဒီလို ဖြစ်တဲ့အခါကြတော့ အောက်တိုဘာလကြတော့ ဦးအောင်မင်းတို့ ဦးစိုးသိမ်းတို့ကို တာဝန်ပေးပြီးတော့မှ ထိုင်းနိုင်ငံကို လာတယ်။ ထိုင်းနယ်စပ်ကိုသွားတယ်။ ငြိမ်းချမ်းရေးရနိုင်ဖို့ လိုက်ဆွေးနွေးတယ် မရဘူး။ နောက်ဆုံးကြတော့ ဦးဟန်ညောင်ဝေကနေ ကူညီပြီးတော့မှ သူက National Reconciliation Program ဆိုပြီးတော့မှ သူက EAO အားလုံးနဲ့ ဆက်ထားတာကို။ ဒါကြောင့်သူကလည်း တစ်ဖက် က အကူအညီ ထပ်ပေးတဲ့ အခါကြတော့ ၅ ဖွဲ့က သဘောတူတယ်။ အဲဒီအခါကြတော့မှ နိုဝင်ဘာလကြမှ ဆွေး နွေး ရပါတယ်။ အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ပြန်ပြီးတော့မှ စောင့်ကြည့်ရမယ်။ ဦးသိန်းစိန်တုန်းက အဲဒီလောက်တောင် ခက်လို့ရှိရင် အခုအခြေအနေမှာ ပိုတောင် ခက်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို ပို တောင် ခက်တဲ့အတွက်ကြောင့်မို့လို့ ကျနော်ရှိတဲ့နေရာကို လာကြပါဆိုရင်တော့ လာဖို့မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့် သူတို့ရှိတဲ့ နေရာကို သွားလို့ရှိရင်တော့ ပိုပြီးတော့မှ ဖြစ်နိုင်ခြေ ပိုများမယ်ပေါ့။ ဒါတောင်မှ ဦးအောင်မင်း တို့၊ ဦးစိုးသိမ်းတို့ထက် ပိုပြီးတော့မှ ကြိုးစားရလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုးရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ယခုကဲ့သို့ ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် နောက်လတွင် ကျင်းပပြုလုပ်မည့် အာဆီယံ ဆွေးနွေးပွဲတွင် မြန်မာကို ဖိတ်ခေါ်ရေးအတွက် လုပ်ဆောင်သည့် သဘောမျိုး ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာ အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ်
၎င်းက “သူအစကတည်းက သူ့ကို လုပ်ခိုင်းတဲ့ အရာတွေရှိနိုင်တယ်။ တရုတ်က ဖိအားပေးတဲ့ဟာမျိုးတွေ။ အာဆီယံကလည်း ဖိအားပေးတဲ့ဟာမျိုးတွေ ဖြစ်နိုင်တယ်။ အဲဒါတွေအတွက် သူက ဟိုလွန့်၊ ဒီရှားနဲ့။ သူက ဒီလောလောဆယ် သူ့ကို အာဆီယံ ဆွေးနွေးပွဲတို့ ဘာတို့မှာဖိတ်ဖို့။ နောက်လမှာ လုပ်မယ့် အာဆီယံဆွေးနွေးပွဲ ရှိတယ်လေ တွေ့တယ်မလား။ အဲဒီမှာဖိတ်ဖို့ ဘာဖို့အတွက် မီးရှူးမီးပန်းလွှတ်တာပဲ။ ဘယ်လိုလုပ် အောင်မြင်နိုင် မလဲ။ နှစ်ပေါင်းများစွာ အနှစ် ၇၀ ကြာလာတဲ့ ဒီပြည်တွင်းစစ်ကြီးကို ရက် ၁၀၀ အတွင်း ပြီးအောင်လုပ်မယ်ဆိုတာ ဖြစ်နိုင်မလား စဉ်းစားကြည့်။ တစ်သက်လုံး ဘယ်သူ့မှလည်း မဖြစ်ခဲ့ဘဲနဲ့ သူ့ကြမှ ဖြစ်နိုင်မလား” ဟု ပြောသည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ထိုးခဲ့ကြသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ထိုးခဲ့သည်။
လက်ရှိတွင် NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို ALP,PNLO,LDU,NMSP တို့သည်လည်း နှစ်ဖွဲ့ကွဲသွားသည်။
KIA, SSPP, UWSA, KNPP, NDAA, AA, TNLA, MNDAA, SNA, NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ထွက်လာသော လက်နက်ကိုင် အဖွဲ့အသစ်များကို မည်သည့်ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် သွားမည်အား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
