CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အသစ်အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အသစ်ကို ရနိုင်ရန် မလွယ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ရက်ပေါင်း ၁၀၀ အတွင်း မည်သည့်အဆင့်အထိ ရအောင်ယူမည်ဟု သတ်မှတ်ထားခြင်းမျိုး ရှိကောင်း ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ဦးခွန်းဆိုင်က “ကျနော် ထင်တာကတော့ ဦးမင်းအောင်လှိုင် ကိုယ်တိုင်ကလည်း သိပါလိမ့်မယ်။ ရက် ပေါင်း ၁၀၀ အတွင်းမှာ NCA အသစ်ကို ရနိုင်ဖို့ဆိုတာ မလွယ်ဘူးပေါ့။ ကျနော်တို့ ဦးသိန်းစိန်တုန်းက ၂၁ ဖွဲ့ ရှိနေတုန်းက တောင် နှစ်ပေါင်း ၂ နှစ်လောက် ကြာကြာလုပ်မှ ကျနော်တို့ အပစ်ရပ် သဘောတူချက် တွေ ရတာကို အဲဒီတုန်းက။ အခုဆိုရင် အဖွဲ့ပေါင်း ရာနဲ့ချီရှိတဲ့ အခါကြတော့ ဒီဥစ္စာဟာ အချိန်ပိုတောင် ယူနိုင်တယ်ဆိုတာ။ အခန့်သင့်တယ် ဆိုရင်တော့ အချိန်ပိုတိုနိုင်တယ်ပေါ့။ အချိန်ပိုတိုနိုင်အောင် လုပ်နိုင် ဖို့ကလည်း ကျနော်တို့ ဒီ သမ္မတကြီးအပေါ်မှာ အများကြီး မူတည်လိမ့်မယ်။ သူ့ရဲ့ စိတ်သဘောထား ကျယ်ပြန့်မှု၊ စိတ်သဘောထား ကြီးမြင့်မှုအပေါ်မှာ အများ ကြီး မူတည်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီတော့ အခု လောလောဆယ်ကတော့ ကျနော် ခုနကပြောသလို ၂၁ ဖွဲ့တည်း ရှိတုန်းကတောင်မှ နှစ်နဲ့ချီကြာခဲ့တာ အခုဒီ ရက်ပေါင်း ၁၀၀ အတွင်းမှာ အကုန်လုံး ရနိုင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သူ ကိုယ်တိုင် သိပါလိမ့်မယ်။ ဒါပေမယ့် သူဘယ်လောက် အဆင့် ထားတယ်ဆိုတာ ကျနော်တို့ မသိဘူး။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဘယ်အဆင့်ကို ငါရအောင်ယူမယ်လို့ သူသတ်မှတ်ထားတာ ရှိကောင်းရှိမယ် ပေါ့” ဟု ပြောသည်။

သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွား မည့် ကိစ္စရပ်များကို ထုတ်ဖော်ပြောကြားထားရာ ထိုထဲတွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး ရန်လည်း ပါရှိသည်။

NCA လက်မှတ် ရေးထိုးကြစဉ်

ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

တွေ့ဆုံဆွေးနွေးခြင်း မပြုရသေးသည့် အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးရန်အတွက် ဇူလိုင် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ဆွေးနွေးရန် မိမိအနေဖြင့် ဖိတ်ခေါ်ကြောင်း၊ မိမိတို့လည်း ငြိမ်းချမ်းရေး လိုချင် ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိလျှင် ဖွံ့ဖြိုး‌ရေးကိစ္စဆိုသည်မှာ ဘာမှလုပ်၍မရကြောင်း ၎င်းက ဧပြီ ၂၀ ရက် နေ့က ပြောကြားထားသည်။

ယခင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးရေး ဆွေးနွေးရာတွင် ချန်ထားခဲ့ သည့် အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှိခဲ့ကာ ယခုအခါတွင် ထိုအဖွဲ့များသည် အင်အား ကြီးထွား လာသည့် အနေအထားဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် အားလုံးပါဝင်နိုင်ရေးအတွက် Plus ဆိုသည့် အခင်းအကျင်းမျိုး ရှိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ဒေါက်တာအမ်ကောန်လက “ကျနော်တို့ NCA လုပ်တုန်းက ပြုတ်ကျန်ခဲ့တဲ့ မြောက်ပိုင်း ၃ ဖွဲ့ဆိုရင် အခု က အင်အားကြီးအဖွဲ့တွေ ဖြစ်နေတယ်။ အခုသိမ်းပိုက်ထားတဲ့ သူတို့နယ်မြေတွေ သက်သက်တွေ ရှိနေ တယ်လေ။ ပြည်ထောင်စု အစိုးရကလည်း အစိုးရအသစ် ပြောင်းမယ်ဆိုတော့ မဖြစ်မနေ ဒီဟာတွေက တော့ bargaining  လုပ်ရမှာ ပဲလေ။ dialogue လုပ်ရမှာ။ အဲဒီတော့ NCA plus ပဲပြောပြော၊ ဘယ်လိုပဲ ပြောပြော၊ ငြိမ်းချမ်းရေး အတွက် အပစ်ရပ်ဖို့အတွက်ဆိုရင် All inclusive ဖြစ်ဖို့ အတွက်ဆိုရင်တော့ All participant အကုန်လုံး ပါဝင်ဖို့ အတွက်ဆိုရင်တော့ plus ကတော့ ရှိကို ရှိရမှာပဲ။ ကျနော်တို့ကတော့ အဲဒီလိုမြင်တယ်။ ဘာကြောင့်လဲဆိုတော့ အခု ကျန်ခဲ့တဲ့ ၃ ဖွဲ့က အခုအနေအထားအရဆိုရင် AA , TNLA နဲ့ MNDAA က အခုအနေအထားအရဆိုရင် အနေ အထားတစ်ခု ရောက်နေတယ်လေ၊ ဒါကို ကျနော်တို့ ထည့်စဉ်းစားရမှာပေါ့” ဟု ပြောသည်။ 

NCA နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်လာကြစဉ်

၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးမား ကျယ်ပြန့်လာနေသည့် မြန်မာ့နိုင်ငံရေး အခင်း အကျင်းတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့များ ရာနှင့်ချီ များပြား လာခဲ့သည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများစုသည်လည်း ယခင်ကထက် ပိုမို အင်အားကြီး ထွားလာ ခဲ့ကာ စစ်ရေးအရ သိမ်းပိုက်ထားနိုင်မှုလည်း အများအပြားရှိကြသည့် အနေအထားဖြစ်သည်။

ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဆိုပါက NCA လမ်းကြောင်းကိုသာ ပြန်လည် လုပ်ဆောင်ရမှာ ဖြစ်ကာ NCA ပြင်ပ အဖွဲ့နှင့် ထွက်သွားသူများအား မည်ကဲ့သို့ ပြန်လည်ဖိတ်ခေါ်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “NCA လမ်း‌ကြောင်းကတော့ အခုပြောနေတာပဲ။ သူ့ကိုပဲ ပြန်ပြီး platform လုပ်ရမှာပဲ။ NCA plus နဲ့ပဲ သွားရမှာ။ NCA လမ်းကြောင်းတော့ ပစ်လို့မရဘူး။ တရားဝင်လည်းရှိတယ်။ အားလုံးကလည်း လက်မှတ်ထိုးထား တယ်။ အခုထက်ထိ ၇ ဖွဲ့ကလည်း NCA အပေါ်မှာ ရပ်တည်တယ်။ NCA နဲ့တွဲလုပ်ဖို့ NSPNC ဆိုတဲ့ အဖွဲ့ကလည်း အစိုးရဘက်က မဖျက်ထားဘူး ရှိနေတယ်။ အစိုးရသစ်ကလည်းပဲ တပ်မတော်ကတော့ လက်ရှိ တပ်မတော်ပေါ့ လေ။ အစိုးရသစ်ကလည်း လူဟောင်းတွေပါပဲ။ သူတို့ အားလုံးကလည်း ဒီ platform ပေါ်မှာ သွားပြီးတော့ NCA ပြင်ပအဖွဲ့ကို ဘယ်လိုခေါ်မလဲ။ NCA ထဲက ထွက်သွားတဲ့လူကို ဘယ်လိုပြန်ခေါ်မလဲ၊ NCA နဲ့လုံးဝ ကင်းလွတ် နေတဲ့ လူတွေကို ဘယ်လိုပြန်ခေါ်မလဲ ဆိုတာတော့ ကျနော်တို့ ခွဲခြမ်းစိတ်ဖြာပြီးတော့ political reform တော့ လုပ်ရမှာပေါ့။ အဲဒီ reform လုပ်တဲ့ နေရာမှာ အဲဒီအချက်တွေ ပါလာမယ်လို့ ယူဆပါ တယ်။ နည်းနည်းတော့ သူတို့ reform ဘယ်လို လုပ်မလဲဆိုတာပဲ စောင့်ကြည့်သင့်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်လွတ်မြောက်‌ရေးပါတီ (ALP)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ် ထိုးခဲ့ကြသည်။ 

ထို့နောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ထိုးခဲ့သည်။

လက်ရှိတွင် NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသလို ALP,PNLO,LDU,NMSP တို့သည်လည်း နှစ်ဖွဲ့ကွဲသွားသည်။

KIA, SSPP, UWSA, KNPP, NDAA, AA, TNLA, MNDAA, SNA, NSCN အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပေါ်ထွက်လာသော လက်နက်ကိုင် အဖွဲ့အသစ်များကို မည်သည့် ငြိမ်းချမ်းရေး လမ်းကြောင်းဖြင့် သွားမည်အား မေးခွန်းထုတ်မှုများ ရှိနေကြသည်။