CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အသစ် အနေဖြင့် ဘက်ပေါင်းစုံမှ အကျပ်အတည်း များစွာကို ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သော်လည်း ထိုထဲကမှ ကချင်၊ ရခိုင်၊ ကရင် ဒေသ ၃ ခုသည် အကြီးအမား ဆုံး အခက်အခဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြော သည်။

ထိုဒေသ ၃ ခုမှ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေး ပဋိပက္ခများအား ဖြေရှင်းရေးမှာ အစိုးရသစ်အတွက် စိန်ခေါ်မှုဖြစ်ပြီး ၂ နှစ်အတွင်း ပြေလည်အောင် အင်မတန် ကြိုးစားရမည်ဟု မြင်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအမ်ကောန်လက “ကျနော့် အမြင်ကတော့ ဒေသ ၃ ခုရှိတယ်။ အခု အကြီးအမားဆုံး အခက်အခဲက နံပါတ် ၁၊ ၂၊ ၃ လို့ ပြောရခက်တယ်။ ၃ ခုစလုံးက တစ်ပြိုင်နက်တည်း အရေးပါနေတာကို။ အဲဒါက မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်။ KIA/KIO နဲ့ ဆွေးနွေးရမယ့်အချက်၊ နံပါတ် ၂ က ရခိုင်ပါ အဲဒါလည်း တော်တော် အရေးကြီးတယ်။  အနောက်ဖက် ပင်လယ်မျက်နှာစာ တစ်ခုလုံး ပွင့်သွားတာ။ နောက်တစ်ခုက မြန်မာပြည် တောင်ပိုင်း တနင်္သာရီပေါ့။ တနင်္သာရီမှာဆိုရင် အရေးကြီးတာက ဟိုတလောက ဝင်းဝ တိုက်ပွဲတွေ ဘာတွေ ဖြစ်တယ်။ အခုတော့ ပြန်သိမ်းနေတယ်။ ဒီဘက်က ပြည်ထောင်စုအစိုးရဘက်က ပြန်သိမ်းနိုင်တယ်လို့ သတင်း ထွက်တယ် သိရတယ်ပေါ့။ တနင်္သာရီမှာလည်း မလက္ကာ strait နဲ့ နီးတဲ့အခါကြတော့ အဲဒီနေရာကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း အကောင်အထည် ဖော်မယ့်နေရာ။ မြန်မာပြည်ရဲ့ မဟာဗျူဟာကျတဲ့ နေရာပဲ။ အဲဒါ ကလည်း ခုနကပြောသလို  KNU တပ်မဟာ ၄ စိုးမိုးနိုင်ခဲ့ပြီဖြစ်တယ်။ အဲဒီမှာလည်း တော်တော် သတိထားရမယ်။ အထူးသဖြင့် KNU နဲ့ပေါ့။ အခုလည်း မြဝတီလမ်း‌ကြောင်းကြီးတွေ ပွင့်သွားပြီပေါ့။ ကုန်သွယ်ရေး လမ်းကြောင်း တွေ ဖွင့်ဖို့လိုတယ်။ ဟိုဘက်ဆိုရင်လည်း အရှေ့‌မြောက်က မူဆယ်-မန္တလေးလမ်းကြောင်း ဖွင့်ဖို့လိုပြီ။ အဲဒါတွေကို အပြင်းအထန်တော့ အစိုးရသစ်က ကြိုးစားနေပြီ။ အဲဒါနဲ့ တစ်ပြိုင်နက်တည်း ဒီ ၃ ခုကိုတော့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ၊ နိုင်ငံရေးပဋိပက္ခကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တကယ့် စိန်ခေါ်မှုပဲ။ ၂ နှစ်အတွင်းမှာ ဒီ ၃ ခုနဲ့ ပြေလည် အောင် တော်တော်လေးကို ကြိုးစားရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

 KIA ခေါင်းဆောင်နဲ့ DKBA ခေါင်းဆောင် တချို့ကို တွေ့ရစဉ်

လက်ရှိတွင် အစိုးရအဖွဲ့အတွင်း ယခင် ၅ နှစ်တာ ကာလအတွင်းမှ လူပုဂ္ဂိုလ်အဟောင်းများ အများဆုံး ပြန်လည် ပါဝင်ပြီး လွှတ်တော်တို့၌ ရခိုင်နှင့် ကချင် တိုင်းရင်းသားများကို ခေါင်းဆောင်မှုပိုင်း၌ တာဝန်ပေးထားသလို  ဒုတိယသမ္မတ နေရာမှာလည်း ကရင်လူမျိုးကို နေရာပေးထားသည်ကို တွေ့ရသည်။

ကချင်၊ ရခိုင်နှင့် ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြား အင်အား ပိုမိုကြီးထွားလာသည့် အဖွဲ့များဖြစ်ကြကာ နွေဦးတော်လှန်ရေး အင်အားစုများ နှင့်လည်း ပူးပေါင်း၍ တိုက်ပွဲ ဖော်ဆောင်နေကြခြင်းဖြစ်သည်။

အစိုးရအနေဖြင့် လူထုအတွက် သက်သာချောင်ချိရေး၊ ပြည်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးများ ဖန်တီးပေးနိုင်မည်ဆိုပါက ကျန်ပြဿနာများကို ဖြေရှင်းရန် အင်မတန် လွယ်ကူသွားမည်ဟု ယူဆကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်း‌ဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်

၎င်းက “ဒေသအားလုံးပဲ။ ကချင်ကစပြီးတော့ ရခိုင်၊ ချင်း၊ ကရင်နီ၊ ကရင် ဒေသအားလုံး အခုပဋိပက္ခ ဖြစ်နေတဲ့ ဒေသအားလုံးမှာတော့ ပြဿနာကြီးပါပဲ။ ဘယ်ဒေသက ပြဿနာကြီးတယ်၊ ဘယ်ဒေသက သေးတယ် မဟုတ် ပါဘူး။ ကချင် ပြဿနာကလည်း ရှိနေတယ်။ ဒါပေမယ့် ကချင်က နိုင်ငံရေးအရ ပါးရည်နပ်ရည် ရှိတယ်။ ပျော့ ပြောင်း မှုရှိတယ်။ ဖြေရှင်းလို့ ရမယ်လို့ ထင်တယ်။ အထူးသဖြင့် တောင်ပိုင်းမှာရှိတဲ့ ကရင်နီပြဿနာ၊ KNU ပြဿနာ။ တောင်ပိုင်းမှာ ဆင်းသွားရင် တနင်္သာရီတိုင်း ပြဿနာ၊ အဲဒီမှာ လက်နက်ကိုင်ပေါင်းစုံက သွားဖြစ်နေတဲ့ အခါကြတော့ ဒါတွေအားလုံးက ဒီ ၅ နှစ်မှာ အစိုးရသစ်က ရင်ဆိုင်ရမယ့် ပြဿနာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံလူထုရဲ့ သက်သာချောင်ချိဖို့နဲ့ ပြန်လည် ထူထောင်နိုင်ဖို့၊ သူတို့အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ဖန်တီး ပေးနိုင်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ကျန်တဲ့ပြဿနာ ရှင်းရတာ နည်နးည်းလွယ်သွားမယ်။ အခြေခံပြဿနာ ဖြစ်တဲ့ ပြည်သူလူထု အများစု လက်နက်ကိုင် မဟုတ်တဲ့ နိုင်ငံသားတွေက အများအပြား ရှိပါတယ်။ လူအများစု ကြီးရဲ့ ဒုက္ခ၊ သုက္ခတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုရင် ဒါက ကျနော်တို့ ခုနကဖြစ်တဲ့ ပြဿနာတွေကို ရှင်းဖို့ အတွက် အများကြီး လွယ်သွားမယ်လို့ ယူဆပါတယ်။ အဲဒီလိုပဲ ကျနော်တို့ကတော့ အကြံပြုချင်ပါတယ်” ဟု ပြောသည်။

ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း PDF များ၊ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ဖိတ်ခေါ် ထားသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီရှိသည့်အနက် ကချင်၊ ရခိုင်၊ ကရင် လက်နက်ကိုင် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ပါက လက်နက်ကိုင် ပဋိပက္ခ လမ်းကြောင်းကို ဖြေရှင်း နိုင်ရန် လွယ်ကူသွားနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။