CNI International News
ဝါရှင်တန်၊ ဧပြီ ၂၂
အမေရိကန်နှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်း ကုန်တော့မည်ဖြစ်သဖြင့် ဆွေးနွေးပွဲများ ဖြစ်မြောက်ရန် အလားအလာသည် သေချာရေရာမှု မရှိသေးကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်က ပါကစ္စတန်နိုင်ငံတွင် အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှေ့ဆက် ဖြစ်မြောက်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး အီရန် အဆင့်မြင့်အရာရှိ တစ်ဦးကလည်း အီရန်သည် ဆွေးနွေးပွဲတွင် ပါဝင်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သော်လည်း ထိုကဲ့သို့ စိုးရိမ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
စစ်ပွဲအတွင်း သီတင်းနှစ်ပတ်ကြာ အပစ်အခဲရပ်စဲရေးသည် ရက်ပိုင်းအတွင်း သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

အီရန်စစ်ပွဲ ပန်းချီဖော်ပြထားစဉ်
အီရန်အနေဖြင့် ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ် ဆွေးနွေးပွဲများကို ငြင်းပယ်ခဲ့သော်လည်း ဧပြီ ၂၂ ရက် တွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အလားအလာ ကောင်းနေကြောင်း ဆွေးနွေးမှုများတွင် ပါဝင်နေသည့် ပါကစ္စတန် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
“အခြေအနေတွေ တိုးတက်နေပြီး မနက်ဖြန်အတွက် ဆွေးနွေးပွဲတွေဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပါ တယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
သဘောတူညီချက်တစ်ခု လက်မှတ် ရေးထိုးနိုင်ခဲ့ပါက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အနေဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ ဗီဒီယို ဆက်သွယ်မှုဖြင့်ဖြစ်စေ ဆွေးနွေးပွဲကို တက်ရောက်နိုင်ကြောင်း ထိုသတင်းရင်းမြစ်က ဖြည့်စွက်ပြောဆိုသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) သည် ဆွေးနွေးညှိနှိုင်းမှုများအတွက် ပါကစ္စတန်နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း Axios သတင်းဌာနက အမေရိကန် သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

ပါကစ္စတန်မှာ ကျင်းပမယ့် အမေရိကန်-အီရန် ဆွေးနွေးပွဲ ပြင်ဆင်မှုကိုတွေ့ရစဉ်
ထို့ပြင် Wall Street Journal ကလည်း ထိုအကြောင်းအရာနှင့် ရင်းနှီးကျွမ်းဝင်သူများကို ကိုးကားပြီး အီရန်သည် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်သို့ စေလွှတ်မည်ဖြစ်ကြောင်း ဒေသတွင်း ကြားဝင်စေ့စပ်သူများထံ အကြောင်းကြားထားသည်ဟု ဖော်ပြခဲ့သည်။
ရိုက်တာသတင်းဌာန အနေဖြင့် ထိုသတင်းများကို ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အီရန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားရာတွင် အီရန်အနေဖြင့် ဆွေးနွေးပွဲများတွင် ပါဝင်ရန် သုံးသပ်နေကြောင်း၊ သို့သော် မည်သည့် ဆုံးဖြတ်ချက်မှ ချမှတ်ရသေးခြင်း မရှိကြောင်း အလေးပေး ပြောဆိုခဲ့ သည်။
ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ် (Isalmabad) မြို့တော်၌ ယခင်ပြုလုပ်ခဲ့သော အစည်းအဝေးသည် သဘော တူညီချက် မရရှိဘဲ ပျက်ပြားသွားခဲ့သော်လည်း အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ယခု သီတင်းပတ် အတွင်း ပြန်လည် စတင်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်များကြောင့် ဧပြီ ၂၁ ရက်က အာရှဈေးကွက် အရောင်း အဝယ် အစောပိုင်းတွင် ရေနံဈေးနှုန်းသည် ၁ ဒေါ်လာကျော် ကျဆင်းသွားခဲ့ပြီး စတော့ရှယ်ယာဈေးနှုန်းများ ပြန်လည် ဦးမော့လာခဲ့သည်။
Source: ရိုက်တာ
