CNI International News
တီဟီရန်၊ မတ်လ ၂၆
အမေရိကန်သည် သူ့ဘာသာသူ တစ်ယောက်တည်း ဆွေးနွေးနေခြင်းဖြစ်ကြောင်း အီရန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်သည် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် တစ်ခု ရယူလိုကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် အီရန်ဘက်က ထိုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရသည် ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် အချက် ၁၅ ချက် ပါဝင် သော စီမံကိန်းတစ်ခုကို ရေးဆွဲပြီး အီရန်အစိုးရထံ ပေးပို့ထားကြောင်း ထိုကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ခုက ရိုက်တာကို ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် အီရန် လက်နက်ကိုင် တပ်ဖွဲ့များ၏ ပူးတွဲကွပ်ကဲမှု ဌာနချုပ်ဖြစ်သော Khatam al-Anbiya ဗဟိုဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် အီဘရာဟင် ဇိုလ်ဖာကာရီ (Ebrahim Zolfaqari) က အမေရိကန် ခေါင်းဆောင်ပိုင်းကို ပြင်းထန် စွာ လှောင်ပြောင်ခဲ့သည်။
“ခင်ဗျားတို့ရဲ့ စိတ်ထဲက မသေချာ မရေရာမှုတွေက ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းပြန်ပြီး ညှိနှိုင်းနေရတဲ့ အဆင့်အထိ ရောက်သွားပြီလား။ ကျနော်တို့လို လူမျိုးတွေဟာ ခင်ဗျားတို့လို လူမျိုးတွေနဲ့ ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး” ဟု အပြတ်အသတ် ပြောဆိုခဲ့သည်။
ထို့ပြင် ဒေသတွင်း တည်ငြိမ်မှုကို အီရန် လက်နက်ကိုင် တပ်ဖွဲ့များကသာ အာမခံချက် ပေးနိုင်သည် ဆိုသည့် အချက်ကို အမေရိကန်အစိုးရက လက်မခံသရွေ့ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် စစ်ပွဲမတိုင်မီက စွမ်းအင် စျေးနှုန်းများသည် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာမည် မဟုတ်ကြောင်း ဇိုလ်ဖာကာရီက သတိ ပေးခဲ့သည်။
Source: ရိုက်တာ
