CNI International News

ဝါရှင်တန်၊ မတ်လ ၁၂

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်ကိုဆင်နွှဲသည့် စစ်ပွဲ စတင်ချိန်ကတည်းက အမေရိကန် စစ်မှုထမ်း ၁၄၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်က အတည်ပြုခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်၏ မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ ဒဏ်ရာရသူ အများစုမှာ ပြင်းထန် မှု မရှိသည့် သာမန်ဒဏ်ရာများသာ ဖြစ်သည်ဟု ဆိုသည်။

Operation Epic Fury စစ်ဆင်ရေး စတင်ခဲ့သည့် ၁၀ ရက်တာအတွင်း ဆက်တိုက် တိုက်ခိုက်ခံရမှုများကြောင့် အမေရိကန် စစ်မှုထမ်း ၁၄၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနယ် (Sean Parnell) က ပြောကြားခဲ့သည်။

“ဒဏ်ရာရရှိသူ အများစုက ပြင်းထန်မှုမရှိဘဲ စစ်မှုထမ်း ၁၀၈ ဦးက တာဝန်တွေ ပြန်လည် ထမ်းဆောင်နေပါပြီ။ စစ်မှုထမ်း ၈ ဦးကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး အဆင့်မြင့်ဆုံး ဆေးဝါးကုသမှုတွေကို ခံယူနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စစ်ပွဲ၏ ပထမ ၁၀ ရက်အတွင်း အမေရိကန်စစ်မှုထမ်း ၁၅၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု အမည်မဖော်လိုသော အရာရှိနှစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ပင်တဂွန်၏ ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထို့ပြင် အီရန်နှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အမေရိကန် စစ်မှုထမ်း ၇ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပြီး မတ်လ ၉ ရက်တွင် ကူဝိတ်နိုင်ငံရှိ အခြားစစ်မှုထမ်း တစ်ဦးမှာ ကျန်းမာရေး ပြဿနာကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) နှင့် အခြားလူပေါင်း ၁၂၅၀ ကျော် သေဆုံးခဲ့ရ သည့် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုများကို တုန့်ပြန်သည့် အနေဖြင့် အီရန်က အစ္စရေး နိုင်ငံနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်
အခြေစိုက် စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ အီရန်နိုင်ငံအတွင်းသို့ မြေပြင်တပ်ဖွဲ့များ စေလွှတ် နိုင်ခြေရှိသည့် အခြေအနေကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အရိပ်အမြွက် ပြောကြားခဲ့သည်။