CNI News
၂၀၂၆ ခုနှစ်၊ မတ် ၁၂
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီချက်ရေးထိုးကာ လုပ်ဆောင်လျက်ရှိသည့် ကုလားတန် မြစ် စီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် အပြီးလုပ်ဆောင်နိုင်ပါက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ အေးချမ်းသွားမည်ဟု ယုံကြည်ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကုလားတန် ပရောဂျက်ဆိုတာ အိန္ဒိယရဲ့ north east policy ပေါ့နော်။ အိန္ဒိယရဲ့ အရှေ့မြောက် ဖက်မှာရှိတဲ့ မီဇိုရမ်တို့၊ နာဂလန်းတို့၊ မဏိပူရ်တို့ အဲဒီဧရိယာဘက် ကနေပြီးတော့ ပင်လယ်ထွက်ပေါက် ပေါ့။ အဲဒါက မီဇိုရမ်- အိုက်ဇော ကနေပြီးတော့ လောက်ကလိုင်း မြစ်ကနေပြီးတော့ ပလက်ဝကို ကား လမ်း ဖောက်ပြီးတော့မှ ပလက်ဝ ရေနက်ဆိပ်ကမ်းကနေပြီးတော့ စစ်တွေရေနက် ဆိပ်ကမ်းဆင်းပြီးမှ အိန္ဒိယဘက်ကို ကုန်စည်စီးဆင်းတာတို့၊ အရှေ့တောင်အာရှဘက်မှာ ကုန်စည်ပို့ဆောင်တာတို့ လုပ်ဖို့ အတွက် ၂၀၀၈ ကတည်းက နိုင်ငံတော်အစိုးရနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ အိန္ဒိယအစိုးရနဲ့ လုပ်နေတာ ရှိ တယ်။ ရှိတော့ အဲဒါက အိန္ဒိယရဲ့ ပင်လယ်ထွက်ပေါက်ပေါ့။ အိန္ဒိယနဲ့ ကျနော်တို့ ချင်းပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်လည်း ဟုတ်တယ်။ ကျနော်တို့ အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိတ် ပင်လယ် ထွက် ပေါက်လည်း ဖြစ်တယ်။ ကျနော်တို့ မြန်မာကိုဖြတ်ပြီးမှ တရုတ်ရဲ့ ထွက်ပေါက်ရှိသလို အိန္ဒိယကလည်း ကျနော်တို့ ချင်းပြည်နယ် ပလက်ဝက ပင်လယ်ထွက်ပေါက် စစ်တွေကနေတဆင့် အဲဒီလိုတွေ လုပ်နေ တာလေးတွေ ရှိတယ်။ အဲဒီအပေါ်မှာ သူတို့အချင်းချင်း ဘယ်လို ညှိနှိုင်းလဲမသိ။ ကျနော်တို့ ယုံကြည်တာ ကတော့ ကုလားတန် ပရောဂျက်က ၂၀၂၇ မှာ အပြီးလုပ်မယ်လို့ သိထားတယ်။ စလာတာလည်း ၂၀၀၈ ကတည်းက စတာ။ အခုက စစ်ရေးပဋိပက္ခတွေကြောင့်သာ မပြီးဘူး။ မပြီးတော့ ဒါတော့ မြန်မာနိုင်ငံ အစိုးရနဲ့ အိန္ဒိယအစိုးရတို့လုပ်တဲ့ ပရောဂျက်ဖြစ်တဲ့အတွက် ဒီပရောဂျက် အောင်မြင်သွားမယ် ဆိုရင် တော့ ကျနော်တို့ ကူးလူး ဆက်ဆံမှု၊ စီးပွားရေး အခွင့်အလမ်းတွေ ကျနော်တို့ ချင်းအတွက်လည်း ကောင်းမယ်၊ ရခိုင်အတွက်လည်း ကောင်းမယ်။ ဒေသခံအားလုံးကလည်း ဖွံ့ဖြိုးတိုးတက်မှုရှိပြီးတော့ နယ်မြေလည်း အေးချမ်းသွားမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို ၂ဝဝ၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ၂ဝ၁ဝ ပြည့် နှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့သည်။

ပလက်ဝမြို့ ကုလားတန်မြစ်စီမံကိန်းကို တွေ့ရစဉ်
အဆိုပါ စီမံကိန်းကို အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
ထိုစီမံကိန်းသည် အိန္ဒိယ၏ အရှေ့မျှော်မူဝါဒ (Act East Policy) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကိုးလ်ကတ္တားကို မြန်မာနိုင်ငံမှတဆင့် မီဇိုရမ်ပြည်နယ်နှင့် ချိတ်ဆက်ရန် ဖြစ်သည်။
ထိုလမ်းကြောင်းသည် ကိုးလ်ကတ္တားနှင့် မီဇိုရမ်ကြား အကွာအဝေးကို ၁၀၀၀ ကီလိုမီတာအထိ လျှော့ချ ပေးနိုင်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအတွက် ကြာချိန်ကိုလည်း ၃ ရက်မှ ၄ ရက်အထိ လျှော့ချ ပေးနိုင်မည် ဖြစ်သည်။
လက်ရှိတွင် အိန္ဒိယအစိုးရနှင့် မြန်မာ့တပ်မတော်တို့အကြား ချစ်ကြည်ရေးကောင်းမွန်နေပြီး အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော သဘောထားမှာ ငြိမ်းချမ်းသည့် အသွင်ရှိသည်ဟု ယူဆကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC)မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ပြောသည်။

ပလက်ဝမြို့က ဆိပ်ကမ်းတံတားကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ အနောက်မြောက်ဒေသဆိုတာက ကျနော်တို့နဲ့ အိမ်နီးနားချင်းပေါ့နော်။ မဏိပူရ်တို့၊ မီဇိုရမ်တို့ဆိုတာ ကျနော်တို့ ချင်းတွေပဲ။ ချင်းတွေဖြစ်တဲ့အတွက် အိန္ဒိယအစိုးရကလည်း look east ပေါ်လစီနဲ့ အကောင်အထည်ဖော်ပြီးတော့ ဖွံ့ဖြိုးရေးတွေလည်း လုပ်တယ်။ သူတို့ပင်လယ်ထွက်ပေါက် အဲဒီဘက်က ရှိတဲ့လူတွေရဲ့ ပင်လယ်ထွက်ပေါက်တွေလည်း အခုလုပ်နေတော့ ဆက်ဆံရေးတော့ ကောင်းပါတယ်။ လက်ရှိကလည်း ကျနော်ထင်တယ်။ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရနဲ့လည်း ချစ်ကြည် ရေး အနေအထား ကောင်းပါတယ်။ အိန္ဒိယအစိုးရရဲ့ ကျနော်တို့ မြန်မာပြည်အပေါ်မှာ ရပ်တည်တဲ့ ရပ်တည်မူလည်း ကောင်းပါတယ်။ ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံအမတ်ကလည်း ကျနော်တို့ အစိုးရနဲ့ မကြာ မကြာ ညှိနှိုင်းတာလေးတွေရှိတယ်။ ၂၀၂၇ မှာ ကုလားတန် ပရောဂျက်ကြီးကို ပြီးအောင် သူတို့လုပ်ချင် တဲ့ ဆန္ဒနဲ့ ဆွေးနွေးနေတာလေးတွေ ကျနော်တို့ ကြားသိနေရပါတယ်။ ဆိုတော့ အိန္ဒိယအစိုးရရဲ့ ကျနော် တို့ မြန်မာနိုင်ငံနဲ့ဆိုရင်တော့ အနောက်မြောက်ဘက်က ဆက်ဆံရေးနဲ့ သူတို့ရဲ့ ကျနော်တို့အပေါ်မှာ ထားတဲ့ သဘောထားတွေကတော့ ငြိမ်းချမ်းတဲ့ အသွင်ရှိတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
ကုလားတန်မြစ်ကြောင်း စီမံကိန်းသည် ၂၀၂၇ ခုနှစ်မှာ လည်ပတ်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ဆိပ်ကမ်း-သင်္ဘောတင်ပို့ရေးနှင့် ရေကြောင်းသွားလာရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဆာဘန်နမ်ဆို နိုဝဲလ်က ပြောဆိုခဲ့ကြောင်း အိန္ဒိယ RAW ထောက်လှမ်းအဖွဲ့၏ သတင်းပြန်ကြားရေးဌာနဖြစ်သည့် “IDRW” က ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လက ဖော်ပြထားသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် စစ်တွေဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေး၊ နိုင်ငံတကာ သင်္ဘောများ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ်ကို တိုးချဲ့ တူးဖော်ရေးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ တစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အထိ ကားလမ်း ဖောက်လုပ်ရေးများ ပါဝင်ကြောင်း သိရသည်။
အိန္ဒိယမှ ကုန်ပစ္စည်းများကို ကုလားတန်မြစ်ကိုဖြတ်ကာ စစ်တွေ မြို့မှတစ်ဆင့် ပလက်ဝသို့ ရေလမ်း ကြောင်းက ပို့ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား ပလက်ဝမှ မီဇိုရမ်အထိ ကုန်တင်ကားဖြင့် တင်ပို့ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကုလာတန်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ ပြည်နယ်များ နှင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့နှင့် အပြန်အလှန် ကုန်သွယ်မှုများကို ပိုမိုကောင်းမွန်စေမည် ဖြစ်သည်။
