CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁
ချင်းလက်နက်ကိုင်များ ထိန်းချုပ်ထားသော ချင်းပြည်နယ်အတွင်းရှိ ထန်တလန်နှင့် ဟားခါး ဆက်သွယ်ထားသည့် လမ်းကြောင်းကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့သည်ဟု နေပြည်တော်ဘက်မှ သတင်း ထုတ်ပြန်ခဲ့သည်။
ချင်းပြည်နယ်၊ ဟားခါး- ထန်တလန် နီးစပ်ရာ မြို့ရွာများတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှ စတင်ကာ ချင်းအမျိုး သားတပ်ဦး(CNF)နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထန်တလန်-ဟားခါးလမ်းကြောင်းကို ထိန်းချုပ်နိုင်သည်ဆိုသော်လည်း နီးစပ်ရာ မြို့ရွာများတွင် စစ်ရေးလှုပ်ရှား မှုများ ဆက်လက် ရှိနေဆဲဖြစ်ကြောင်း၊ အိန္ဒိယနယ်စပ်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် စစ်ရေးလှုပ်ရှား မှုများကို စောင့်ကြည့်ထိန်းချုပ် လုပ်ဆောင်သွားမည်ဟု ကြားသိရကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။

ချင်းပြည်နယ်၊ ဟားခါးနဲ့ထန်တလန်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်စဉ်
၎င်းက “အခုကတော့ မြောက်ပိုင်း ငါးမြို့နယ်ပေါ့။ ဒါကို ထိန်းချုပ်နိုင်ပြီလို့ သတင်းမှာတော့ ဖတ်ရပါတယ်။ အိန္ဒိယနဲ့ နယ်စပ်မှာ နှစ်နိုင်ငံ အပြန်အလှန် စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့် ထိန်းချုပ်လုပ်မယ် အဲဒီလိုမျိုး တွေတော့ သတင်းမှာတေ့ာ ဖတ်နေရတယ်၊ မြေပြင်လက်တွေ့ အနေအထားတော့ မသိနိုင်ဘူး။ ထန်တလန် ကတော့ ကျနော်တို့ လက်ရှိ ချင်လုံမြို့တို့ အဲဒီဘက်ကို ရောက်သွားရင်တော့ အိန္ဒိယဘက်ကို ဆက်သွားလို့ရတာ ပဲပေါ့။ အဓိက,ကတော့ အိန္ဒိယနယ်စပ်မှာပဲ လှုပ်ရှားမှုတွေရှိတာကို။ လူထုတွေကလည်း အားလုံး မြို့ပေါ်မှာ မနေ နိုင်ဘဲနဲ့ နယ်စပ်မှာပဲ နေကြတာလည်း ရှိတယ်။ အဲဒီတော့ ထန်တလန်ကနေ တဆင့်ကတော့ နယ်စပ်သွားတဲ့ လမ်းတွေကတော့ အများကြီးပေါ့။ အိန္ဒိယဘက်ကို ဆက်စပ်ပြီးသွားလာလို့ လွယ်ကူမယ့် လမ်းကြောင်း တစ်ခုပါပဲ။ ထိန်းချုပ်ပေမယ့် ဒီလူငယ် လှုပ်ရှားမှုတွေကတော့ ရှိနေဆဲပါပဲ။ မြို့ပေါ်လောက်တော့ ထိန်းချုပ်နိုင်တယ်ပေါ့နော်။ အခြား ကျေးရွာတွေ၊ နယ်တွေဘက်မှာတော့ လှုပ်ရှားမှုတွေကတော့ ရှိတော့ရှိနေသေးတယ်။ ဒီ မြောက်ပိုင်း ၅ မြို့နယ်အတွင်းမှာတော့ တပ်က အင်နဲ့အားနဲ့ ဝင်လာပြီဆိုတော့ မြို့ပေါ်ကိုတော့ အဓိက ထိန်းချုပ်နိုင်လာပြီဆိုရင် တော့ အခုအခြေအနေထက်တော့ ပိုဆိုးစရာတော့ သိပ်မရှိဘူးထင်တယ်။ ငြိမ်းချမ်းရေး ခေါ်ထားတာလည်း ရှိ တေ့ာလေ။ NCA လက်မှတ်ထိုးတဲ့ အထဲမှာ CNF တို့၊ CNA တို့လည်း ပါတယ်ဆိုတော့ သူတို့ရဲ့ စဉ်းစားချက် မသိ နိုင်ပေမယ့် ပိုပြီးတော့တော့ ရပ်လာမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ချင်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေသော CNF သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ထန်တလန်မြို့နယ်တွင် ဌာနချုပ်ထားရှိကာ ဟားခါး၊ တီးတိန်၊ မတူပီတို့တွင် လှုပ်ရှားလျက်ရှိသည်။
လက်ရှိ အချိန်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြသည့် ဒေသများရှိ ပြည်သူများသည် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသကဲ့သို့ နေထိုင် စားသောက်နိုင်ရေးအတွက်လည်း စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။
ချင်းပြည်နယ်အတွင်းရှိ ထန်တလန်- ဟားခါးလမ်းကြောင်းသည် ဒေသခံပြည်သူများ၏ နေရပ်ပြန်လည် နေထိုင် နိုင်ရေး၊ ကုန်စည်စီးဆင်းမှု၊ ကုန်သွယ်ရေးအတွက် များစွာ အချက်အချာကျကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC)ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။

ဟားခါးမြို့အတွင်း ဌာနဆိုင်ရာရုံးများကို တွေ့ရစဉ်
၎င်းက “ထန်တလန် ပြန်လည်စိုးမိုးဖို့ရယ်၊ ပြည်သူလူထုတွေအားလုံး အိုးအိမ်ပြန်လည် တည်ဆောက်ဖို့ကိစ္စတွေ အတွက်က ဟားခါး၊ ထန်တလန် လမ်းကြောင်းက အရေးပါတာပေါ့။ အခုပြည်သူတွေက ကလေးဘက်မှာ ရောက် တာရှိတယ်။ ဟားခါးဘက်ကို ရောက်တာရှိတယ်။ အိန္ဒိယဘက်ကို ရောက်တာတွေ ရှိတယ်။ ထန်တလန်မြို့က အိမ်ခြေ တော်တော်များပါတယ်၊ အဲဒီဟာတွေက တော်တော် ပျက်စီးကုန်တဲ့ အခါကျတော့ အခုဘာပဲပြောပြော ဒေသခံ ကိုယ့်မြို့ကိုယ် ပြန်လည် နေထိုင်ချင်ကြတဲ့အတွက် ဒီလမ်းကြောင်းပွင့်လို့ ကောင်းကောင်းသွားလို့၊ လာလို့ ရတယ်ဆိုရင်တော့ ဒီမြို့ရဲ့ တည်ဆောက်ရေးတွေကို ပြည်သူတွေကလည်း ကိုယ့်ဟာကို လုပ်မယ်။ အစိုးရက လည်း ပံ့ပိုးကူညီမှု လုပ်မယ်ဆိုရင်တော့ မြို့ကတော့ ပြန်တည်ဆောက်ဖို့ အဆင်ပြေနိုင်တာပေါ့။ အခုအဲဒီ လမ်း ကြောင်းကို ထိန်းချုပ်နိုင်တယ်ဆိုရင်တော့ ကုန်စည်စီးဆင်းမှုတွေလည်းဖြစ်တယ်။ နောက်ပြီးတော့ တည်ဆောက် မှုတွေလည်းဖြစ်တယ်။ စစ်ရေးအရလည်း ဒီ ထန်တလန်မှာရှိတဲ့ စစ်အခြေစိုက်စခန်းက တော်တော် ကုန်းမြင့် အပေါ်မှာ နေရာ တော်တော် အချက်အချာကျတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ဒီလမ်းကြောင်းသာ ထိန်းချုပ်နိုင်တယ် ဆိုရင်တော့ စစ်ရေးအရလည်း အသာစီးယူလို့ရတယ်။ လူထုတွေလည်း ကိုယ့်ဒေသကို ပြန်ချင်တဲ့ မိသားစုတွေ အားလုံးက သွားလို့လာလို့လွယ်မှာပေါ့။ ထိန်းချုပ်မှုရှိမှပဲ ဒီ မြို့ရွာ တည်ဆောက်တာလည်း ပြန်အဆင်ပြေမှာပဲ။ ထန်တလန် အလုံးစုံ ပျက်စီးသွားတာ ဖြစ်တဲ့အတွက် ဒေသခံတွေ အားလုံးကလည်း ကိုယ့်မြို့ကို ပြန်တည် ဆောက်ချင် ကြတာပေါ့နော်။ အဲဒါကြောင့် ဒီလမ်းကြောင်းက တော်တော်ကို အချက်အချာကျပါတယ်” ဟု ပြောသည်။
ချင်းပြည်နယ်အတွင်းမှာ CNF၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LPDF)များ၊ AA တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲ များ ဖြစ်ပွားနေပြီး ထန်တလန်၊ မတူပီ၊ မင်းတပ်မှ ဒေသခံ လူဦးရေ ၁၀၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည် နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်းတွင် ချင်းတော်လှန်ရေး တပ်ဖွဲ့များက ဟားခါးနှင့် ထန်တလန်လမ်းကြားရှိ လမ်းပိုင်း များကို သိမ်းပိုက်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်က ပြန်လည် တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဥ်များနှင့် ခရီးသွားပြည်သူများ အနေဖြင့် ပုံမှန်အတိုင်း ဖြတ်သန်း သွားနိုင်တော့မည်ဖြစ်ကြောင်း၊ ဒေသတွင်း ကုန်စည်ပို့ဆောင်မှုများတွင် အခက်အခဲမရှိ ပြန်လည်အသုံးပြုနိုင်တော့ မည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ထားသည်။
ထို့အပြင် တိုက်ပွဲရှောင် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝများ မြင့်မားစေရေး၊ ဒေသတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
