CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၉
မြန်မာနိုင်ငံ၏ အနောက်ဖက်အကျဆုံး ပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်တွင် သယံဇာတများ မထွက်ရှိသော် လည်း လျှပ်စစ်များ ထုတ်လုပ်နိုင်ပါက ချင်းပြည်နယ်ဖွံ့ဖြိုးရေးကို အချိန်ခဏလေးဖြင့် လုပ်၍ရကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)မှ ဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။
ချင်းပြည်နယ်တွင် ပြီးခဲ့သည့် အစိုးရ လက်ထက်များ၌ ရေအားလျှပ်စစ် စီမံကိန်းများ ဖော်ဆောင်ရန် လုပ်ဆောင် ခဲ့ကြသော်လည်း လက်ရှိ အချိန်အထိ ပြီးဆုံးအောင် အကောင်အထည် မဖော်နိုင်သေးကြောင်း၊ ထိုစီမံကိန်းများ ပြန်လည် လုပ်ခွင့်ရသွားမည်ဆိုလျှင် ချင်းပြည်နယ်အတွက် ပူစရာမလိုကြောင်း ၎င်းက ပြောသည်။
ဦးစိုးထက်က “အခုကျနော်တို့ မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအား မလုံလောက်တဲ့ ပြဿနာရှိတယ်။ ဂန့်ဂေါနဲ့ ကလေး ကြားမှာဆိုရင် ၃၈၀ မဂ္ဂါဝပ်ရှိတဲ့ ထုတ်လို့ရတဲ့ ရေအားလျှပ်စစ်ကို ၂၀၀၈-၂၀၀၉ ကတည်းက လုပ်နေတာ ၂၁ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ဒါပေမယ့် မြစ်ဆုံစီမံကိန်းကြီး ရပ်တဲ့အချိန်မှာ သမ္မတကြီး ဦးသိန်းစိန် လက်ထက် မှာ အဲဒါတစ်ပြိုင်တည်း ရပ်သွားတာ။ အဲဒါလေးကို အကောင်အထည် ဖော်နိုင်မယ်ဆိုရင် မဂ္ဂါဝပ် ၃၈၀ ဖော်နိုင်တဲ့ ရေအားလျှပ်စစ်က ဖြစ်နေပြီ။ နောက်ပြီးတော့ ပလက်ဝ ဖက်မှာဆိုရင်လည်း လေးမြို့မြစ်မှာဆိုရင် ပြင်သစ်ကနေ ဆာဗေးလုပ်ထားတာရှိတယ်။ ၄၊ ၅ နှစ်လောက်ရှိပြီ။ အဲဒါက မဂ္ဂါဝပ် ၆၁၁ ထွက်မယ့် စီမံကိန်းရှိတယ်။ အဲဒီဟာ လေး လုပ်မယ်ဆိုလည်း ကျနော်တို့က အိမ်နီးချင်း နိုင်ငံတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ရော၊ အိန္ဒိယရော ကျနော်တို့ မြန်မာပြည်တွင်းရော အကုန်ရောင်းလို့ ရတဲ့ဟာဖြစ်တယ်။ ဒါက လေးမြို့ ၁ ပေါ့။ လေးမြို့ ၂ ဆိုရင် မဂ္ဂါဝပ် ၃၀၀ ကျော်လောက်ထွက်မယ်။ အဲဒီလို စီမံကိန်းတွေ ရှိတဲ့အတွက် သယံဇာတက မထွက်တာမဟုတ်ဘူး။ ကျနော်တို့ လုပ်ပိုင်ခွင့် မရသေးတာ။ လုပ်ခွင့် မရသေးတာပဲရှိတယ်။ လျှပ်စစ်သာ ရမယ်ဆိုရင် ပြည်နယ်တစ်ခုလုံးကို ဖွံ့ဖြိုး အောင် ခဏလေးနဲ့ လုပ်လို့ရပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို တွေ့ရစဉ်
ချင်းပြည်နယ်သည် သယံဇာတ မထွက်သော်လည်း သဘာဝ အရင်းအမြစ်များဖြစ်သည့် တောတောင် ရှုခင်းအလှ များ ရှိသောကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်၍ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်ကြောင်း သိရသည်။
ထို့ပြင် မြစ်၊ ချောင်းများ ရှိသည့်အတွက် ၎င်းတို့ကို အခြေခံကာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ပြီး ချင်းပြည်နယ် အတွင်းသာမက မြန်မာတစ်နိုင်ငံလုံးနှင့် ပြည်ပတို့ကို ရောင်းချနိုင်သည့် အနေအထားမျိုးတွင် ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ချင်းပြည်နယ်၌ နိုင်ငံရေး အပြောင်းအလဲများကြောင့် မဖွင့်လှစ်နိုင်သေးသည့် ဖလမ်းလေယာဉ်ကွင်း ကို တက်လာမည့် အစိုးရသစ် လက်ထက်၌ ပြန်လည်လုပ်ဆောင်နိုင်ကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) မှဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ချင်းပြည်နယ်မှာ ဖလမ်းလေယာဉ်ကွင်းက ၁၀၀ ရာခိုင်နှုန်း ပြီးသွားပြီ။ ၁၀၀ ရာခိုင်နှုန်း ပြီးသွားတဲ့အချိန်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်သွားတော့ အခုကတော့ အဲဒီလေယာဉ်ကွင်းကလည်း ပြန်ပြီး တော့ တက်လာတဲ့ အစိုးရကနေ လုပ်မယ်ဆိုရင် ဖလမ်းလေယာဉ်ကွင်းလည်း မကြာခင် ပြန်ဖွင့်လို့ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ နောက်ပြီးတော့ ကျနော်တို့ စီမံကိန်းတွေ လုပ်ထားတဲ့ ပလက်ဝမြစ်ကူး ကုလားတန် မြစ် စီမံကိန်းလည်း မဖွင့်လိုက်ရဘူး။ အဲဒါတွေလည်းရှိတယ်။ နိုင်ငံတော်ကလုပ်တဲ့ ပရောဂျက်တွေ၊ အိန္ဒိယအစိုးရ နဲ့ အပြန်အလှန် အကူအညီယူပြီးမှ လုပ်တဲ့ ယာ(ရာ)ကြီးလမ်းတို့ အဲဒါမျိုးတွေလည်း အများကြီးရှိတယ်။ အစိုးရ သစ် လက်ထက်မှာ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ကိုတွေ့ရစဉ်
ထို့ပြင် ချင်းပြည်နယ်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဖြင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေပြီး အနောက် ဖက်တံခါး ထွက်ပေါက် ဖြစ်သောကြောင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ အရေးပါကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ချင်းပြည်နယ်သည် နွေဦးတော်လှန်ရေး၏ အဓိက ခံတပ်ကြီးတစ်ခု ဖြစ်လာခဲ့ကာ ဒေသခံကာကွယ်ရေးတပ်(CDF)နှင့် ချင်းအမျိုးသားတပ်ဦး(CNF) များ၏ ခုခံမှုသည် မြန်မာ့နိုင်ငံရေး အလှည့် အပြောင်း၌ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။
ထို့ကြောင့် ချင်းပြည်နယ်၏ အခြေအနေသည် တစ်နိုင်ငံလုံး၏ စစ်ရေး၊ နိုင်ငံရေးအပေါ် သက်ရောက်မှု ကြီးမားစွာ ရှိနေပြီး အိန္ဒိယ၏ Act East Policy အောင်မြင်ရန်အတွက် ချင်းပြည်နယ်သည် မရှိမဖြစ် လိုအပ်ကြောင်းလည်း သိရသည်။
ချင်းပြည်နယ် မတည်ငြိမ်ပါက မြန်မာနိုင်ငံ၏ အနောက်ဖက် တံခါးပေါက်သည် ပိတ်သွားမှာ ဖြစ်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်သည် ချင်းပြည်အရေးကို အလေးထား ကြိုးစား နေကြောင်း၊ ချင်းပြည် အရင်းအမြစ်သည် တစ်နိုင်လုံး၏ အောင်မြင်မှုကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သည်။
