CNI International News

ဘေဂျင်း၊ မတ်လ ၉

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည် မည်သည့်အခါကမျှ မဖြစ်ပွားသင့်သည့် စစ်ပွဲဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က မတ်လ ၈ ရက်၌ ပြောကြားခဲ့ပြီး တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန် တိုက်တွန်းခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ Two Sessions ဟု လူသိများသည့် အစည်းအဝေး နှစ်ရပ် ကျင်းပချိန်တွင် သီးသန့်ပြုလုပ်သော ကဏ္ဍစုံ သတင်းစာ ရှင်းလင်းပွဲ၌ ဝမ်ယိက လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသကြီး တစ်ခုလုံးသည် စစ်မီး တောက်များဖြင့် ဝါးမြိုခံနေရကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွား လာသည့် ထိုစစ်ပွဲသည် မည်သည့်အခါကမျှ မဖြစ်ပွားသင့်ခဲ့သည့် အရာဖြစ်ပြီး၊ မည်သည့် အဖွဲ့အစည်းအတွက်မှ အကျိုးအမြတ်မရှိသော စစ်ပွဲဖြစ်သည်ဟု ဝမ်က ပြောကြားခဲ့သည်။

ဝမ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံခြားရေးကော်မရှင်၏ အကြီးအကဲ အဖြစ်လည်း တာဝန်ယူထားသည့် တရုတ်နိုင်ငံ၏ အမြင့်ဆုံးသံတမန် ဖြစ်သည်။

အီရန်နိုင်ငံကလည်း အစ္စရေးနိုင်ငံနှင့် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်၏ စစ်စခန်းများကို ဒုံးကျည် များ၊ ဒရုန်းများဖြင့် လက်တုန့်ပြန် တိုက်ခိုက်နေသည်။

ဆော်ဒီနဲ့ အီရန်ကို တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့စဉ်

ထို့ပြင် အီရန်လိုလားသော ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကလည်း နယ်စပ်ကိုကျော်ပြီး အစ္စရေးကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးကလည်း လက်ဘနွန်နိုင်ငံအတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

တရုတ်အစိုးရသည် ယခင်ကတည်းက ၎င်းတို့နှင့် သံတမန်ရေးနှင့် ကုန်သွယ်ရေးအရ ရင်းနှီးသည့် အီရန်နိုင်ငံ အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးအရ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အထူးသဖြင့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သေဆုံးမှုနှင့်ပတ်သက်ပြီး တရုတ်က အမေရိကန်နှင့် အစ္စရေးကို ပြစ်တင်ရှုတ်ချခဲ့သည်။

“အင်အားကို အင်အားနဲ့ တုန့်ပြန်တာဟာ အမုန်းတရား အသစ်တွေကိုသာ မွေးဖွားပေးမှာဖြစ်ပြီး ဘေးဒုက္ခ အသစ်တွေအတွက် မျိုးစေ့ချပေးသလို ဖြစ်ပါလိမ့်မယ်” ဟု ဝမ်က ပြောကြားခဲ့သည်။

Source: CAN